ဖွဲ့စည်းမှုအသစ်ဖြင့် ပေါ်ပေါက်လာမည့် ဘားကောင်စီ

ဖွဲ့စည်းမှုအသစ်ဖြင့် ပေါ်ပေါက်လာမည့် ဘားကောင်စီ

          တရားစီရင်ရေးနယ်ပယ်၊ ရှေ့နေရှေ့ရပ်နယ်ပယ်မှာ ဘားကောင်စီဆိုတဲ့ အခေါ်အဝေါ်ဖြင့်  ရင်းနှီးနေသော တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲကို ဩဂုတ်လ ၂ ရက်နေ့တွင် ကျင်းပမှာဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ နိုင်ငံတစ်ဝန်းလုံးမှာရှိကြတဲ့ တရားလွှတ်တော်ရှေ့နေ များကပါဝင်ဆန္ဒမဲပေးကြမှာဖြစ်ပြီးသတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီတဲ့ ကောင်စီဝင်လောင်း အဖြစ် ရွေးကောက်တင်မြှောက်ခံလိုသော တရားလွှတ်တော်ရှေ့နေများ ကလည်း တရားလွှတ်တော် ရှေ့နေများကောင်စီအက်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်စီဝင်လောင်း များအဖြစ် ယှဉ်ပြိုင်အရွေးခံကြမှာဖြစ်ပါတယ်။

     ယခုလို တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲ ကျင်းပခြင်းဟာ ကာလအတန်ကြာ ပျောက်ဆုံးနေခဲ့တဲ့ မိမိတို့အဖွဲ့အစည်းမှာ မိမိတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်သူတွေပါဝင်ခွင့် ရှိတဲ့ အခြေအနေတစ်ရပ်ကို ပြန်လည်ဖော်ဆောင်ခွင့်ရခြင်းဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေများကောင်စီဥပဒေနောက်ခံသမိုင်း

တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ၁၉၂၆ ခုနှစ်၊ အိန္ဒိယအက်ဥပဒေအမှတ် ၃၈ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၁၉၂၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်အာဏာတည်ခဲ့ပါတယ်။ မူလ ပြဋ္ဌာန်းစဉ်က အင်္ဂလိပ်ဘာသာ The Bar Council Act အမည်ဖြင့် ပြဋ္ဌာန်းခဲ့တာကြောင့် တရား လွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေဆိုတဲ့ အမည်ထက် ဘားကောင်စီအက်ဥပဒေဆိုတဲ့ အမည်ကို ပိုမိုလူသိများပါတယ်။ ဒါ့ကြောင့်လည်း ယင်းအက်ဥပဒေအရ ဖွဲ့စည်းတဲ့ ကောင်စီကိုလည်း ဘားကောင်စီလို့ ခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။

      မူလဘားကောင်စီအက်ဥပဒေပုဒ်မ ၄ အရ ဘားကောင်စီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပါတယ်။ ရှေ့နေချုပ်တစ်ဦး၊ တရားရုံးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တရားလွှတ်တော်ချုပ် တရားသူကြီး  ၂ ဦးထက် မပိုသောပုဂ္ဂိုလ် ၄ ဦး၊ တရားရုံးချုပ်ရှေ့နေများက ယင်းတို့ထဲမှ ရွေးချယ်ပေးသူ ၁၀ ဦးတို့ ဖြစ်ပါတယ်။ ဒါကြောင့် ဘားကောင်စီမှာ တရားရုံးချုပ်ရှေ့နေများက ရွေးကောက် တင်မြှောက်တဲ့ ကိုယ်စားလှယ် ၁၀ ဦး ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိခဲ့ပါတယ်။

          အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ဥပဒေအမှတ် ၂၂/၈၉ ဖြင့် တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းပြီး ပြင်ဆင်ရာမှာ တရားလွှတ်တော်ရှေ့နေများကောင်စီ ဖွဲ့စည်းတဲ့ ပုဒ်မ ၄ ကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ အဲဒီလိုပြင်ဆင်ရာမှာ ရှေ့နေချုပ်က ဥက္ကဋ္ဌ၊ ဒုတိယရှေ့နေချုပ်က ဒုတိယဥက္ကဋ္ဌ၊ တရားသူကြီးချုပ်က အမည်စာရင်းတင်သွင်းသည့် တရားရုံးချုပ်တရားသူကြီးတစ်ဦး၊ တရားလွှတ်တော်ရှေ့နေ ၆ ဦးနှင့် တရားရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး ချုပ်က အတွင်းရေးမှူးအဖြစ် စုစုပေါင်း ၁၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒါကြောင့် တရားလွှတ်တော်ရှေ့နေများကောင်စီမှာ တရားရုံးချုပ်ရှေ့နေ ၆ ဦး ပါဝင်ပါတယ်။ တရားသူကြီးချုပ်က ရွေးချယ်တာဝန်ပေးတဲ့ တရားလွှတ်တော်ရှေ့နေများဖြစ်ပါတယ်။

          တရားလွှတ်တော်ရှေ့နေများကောင်စီကို အထက်ပါဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၁၀-၆-၂၀၁၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၁ ဖြင့် တရားလွှတ်တော် ရှေ့နေများ ကောင်စီအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေနဲ့ တရားလွှတ်တော်ရှေ့နေများကောင်စီဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေများ ကောင်စီကို ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့နေများက သတ်မှတ်ချက်နှင့် အညီ ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော်ရှေ့နေလုပ်သက် အနည်းဆုံး ၁၅ နှစ်ရှိတဲ့ တရားလွှတ်တော်ရှေ့နေ ၁၁ ဦး၊ ယင်း ၁၁ ဦးထဲမှ တစ်ဦးက ဒုတိယဥက္ကဋ္ဌနှင့် တစ်ဦးက အတွင်းရေးမှူး၊ ကျန်သည့် တရားလွှတ်တော် ရှေ့နေ ၉ ဦးက အဖွဲ့ဝင်၊ ပြည်ထောင်စု တရားသူကြီးချုပ်က အမည်စာရင်း တင်သွင်းသော ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ၂ ဦးက အဖွဲ့ဝင်၊ ဒုတိယရှေ့နေချုပ်က အဖွဲ့ဝင် အဖြစ်ပါဝင်လျက် စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ယခုပြင်ဆင်ဖွဲ့စည်းမည့် တရားလွှတ်တော်ရှေ့နေများ ကောင်စီမှာ တရားလွှတ်တော်ရှေ့နေ ၁၁ ဦး ပါဝင်မှာဖြစ်ပါတယ်။

          ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ၃-၉-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပြင်ဆင်သည့် နည်းဥပဒေကို ၆-၄-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။

   လက်ရှိတရားလွှတ်တော်ရှေ့နေများကောင်စီက တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၃၆ အရ တရားလွှတ်တော်ရှေ့နေ များကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၁၈-၅-၂၀၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ တရားလွှတ်တော်ရှေ့နေများ ကောင်စီရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ လက်ရှိတရားလွှတ်တော် ရှေ့နေများကောင်စီက ၂-၈-၂၀၂၀ ရက်နေ့မှာ တရား လွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကို ကျင်းပရန်ကြေညာပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ အဝဝကို ပြင်ဆင်ဆောင်ရွက် ခဲ့ပါတယ်။

      တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမည့် တရားလွှတ်တော်ရှေ့နေ များနှင့် ရွေးကောက်ခံမည့် တရားလွှတ်တော်ရှေ့နေများ လေ့လာဖတ်ရှုနိုင်ရန် “တရားလွှတ်တော် ရှေ့နေများကောင်စီအက်ဥပဒေ၊ တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာနည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ” စာအုပ်ကို ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ

ဆန္ဒမဲပေးပိုင်ခွင့်ကို တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၂ (စ) မှာ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဆိုသည်မှာ တရားလွှတ်တော် ရှေ့နေများ ကောင်စီအက်ဥပဒေအရ တရားလွှတ်တော်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရှိပြီး ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုဆိုသည်” ဟု ပြဋ္ဌာန်းထားပါတယ်။

အဲဒီနောက် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ အပိုဒ် ၃ အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကို သတ်မှတ်ရာမှာ “တရားလွှတ်တော် ရှေ့နေအဖြစ် အသိအမှတ်ပြုလက်မှတ် သို့မဟုတ် အသိအမှတ်ပြု ကတ်ပြားတင်ပြနိုင်ပြီး တရားလွှတ်တော်ရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရှိသူဖြစ်ရမည့်အပြင် အက်ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (၁) အရ အမှုလိုက်ပါ ဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ထားခြင်းခံနေရဆဲမဟုတ်သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေများစာရင်းမှ ပယ်ဖျက်ခံရခြင်းမဟုတ်သူ” ဟု ပြဋ္ဌာန်းထားပါတယ်။

နည်းဥပဒေ ၂ (စ) အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာရော၊ လုပ်ထုံးလုပ်နည်း အပိုဒ် ၃ အရ သတ်မှတ်ချက်အရရော အဓိကအချက်မှာ တရားလွှတ်တော်ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ခွင့် ရှိပြီး အက်ဥပဒေပုဒ်မ ၁၀ (၁) အရ အရေးယူခံရဆဲမဟုတ်သူဟာ တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရမှာဖြစ်တယ်။ ဆန္ဒမဲပေးလိုသူက ကြီးကြပ်ရေး အဖွဲ့ထံ လုပ်ထုံးလုပ်နည်းများ ပုံစံ (၁) နဲ့ လျှောက်ထားပြီး မဲစာရင်းပုံစံ (၃) နှင့် (၃-က) တို့မှာ မိမိ အမည်ပါဝင်မှသာ ဆန္ဒမဲပေးခွင့် ရရှိမှာဖြစ်ပါတယ်။ အတည်ပြုစာရင်းအရ တရားလွှတ်တော်ရှေ့နေ များကောင်စီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် တရားလွှတ်တော်ရှေ့နေ စုစုပေါင်း ၄၃၈၇ ဦး ရှိမှာ ဖြစ်ပါတယ်။

အဲဒီအပြင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူရဲ့ အရည်အချင်းများကို နည်းဥပဒေ ၅ မှာ နည်းဥပဒေခွဲ (က)၊ (ခ)၊ (ဂ) နှင့် (ဃ) တို့ဖြင့် ပြဋ္ဌာန်းထားပါတယ်။ နည်းဥပဒေ ၅ ရဲ့ ပထမအချက်မှာ နိုင်ငံသားဖြစ်ရပါမယ်။ ဒုတိယအချက်မှာ အက်ဥပဒေပုဒ်မ ၄ (င) အရ တရားလွှတ်တော်ရှေ့နေလုပ်သက် ၁၅ နှစ် ရှိသူဖြစ်ရပါမယ်။ တတိယအချက်ကတော့ အက်ဥပဒေပုဒ်မ ၁၀ (၁) အရ အမှုလိုက်ပါ ဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ထားခြင်းခံနေရဆဲ မဟုတ်သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေများစာရင်းမှ ပယ်ဖျက်ခံရခြင်း မဟုတ်သူ ဖြစ်ရပါမယ်။ စတုတ္ထအချက်ကတော့ အက်ဥပဒေပုဒ်မ ၁၀ (၁) အရ ပြင်းထန်စွာသတိပေးခြင်းပြစ်ဒဏ်ကို ရွေးကောက်ပွဲကျင်းပမည့်ရက်မတိုင်မီ တစ်နှစ်အတွင်း ချမှတ် ခံရခြင်း မဟုတ်သူဖြစ်ရပါမယ်။ ဒီအရည်အချင်းများနဲ့ ပြည့်စုံသူသည် တရားလွှတ်တော်ရှေ့နေများ ကောင်စီ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။

အကြောင်းကြောင်းကြောင့် တရားလွှတ်တော်ရှေ့နေအဖြစ် ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်းခံရသူ များရှိသော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ပြန်လည်သုံးသပ်အတည်ပြုချက်ဖြင့် တရား လွှတ်တော်ရှေ့နေအဖြစ် ပြန်လည်လိုက်ပါဆောင်ရွက်ခွင့်ရသူများလည်း ရှိပါတယ်။ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်နှင့်စပ်လျဉ်းပြီး ပြဋ္ဌာန်းချက်မှာ လုပ်သက် “၁၅ နှစ်” ဟု ဖော်ပြထားသဖြင့် တရား လွှတ်တော်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရှိသည့်ကာလ ၁၅ နှစ်ပြည့်လျှင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိပါတယ်။

တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမည့် ကောင်စီဝင်လောင်း စုစုပေါင်း ၁၁၀ ဦး ရှိပြီး အဲဒီကောင်စီဝင်လောင်းများ၏အမည်စာရင်းကိုလည်း ၁၇-၇-၂၀၂၀ ရက်နေ့တွင် ထုတ်ဝေသည့် နေ့စဉ်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများမှာ ကြေညာထားပြီး ဖြစ်ပါတယ်။

မဲဆန္ဒနယ်သတ်မှတ်ခြင်းနှင့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

တရားလွှတ်တော်ရှေ့နေများကောင်စီက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှာ မဲဆန္ဒနယ် ၃၅ ခု သတ်မှတ်ပြီး ရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။  ယင်းမဲဆန္ဒနယ်များကတော့ ကချင်ပြည်နယ်မှာ မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ မိုးညှင်းခရိုင်နှင့် ဗန်းမော်ခရိုင် မဲဆန္ဒနယ်၊ ကယားပြည်နယ်မှာ  လွိုင်ကော်ခရိုင် မဲဆန္ဒနယ်၊ ကရင်ပြည်နယ်မှာ ဘားအံခရိုင်မဲဆန္ဒနယ်၊ ချင်းပြည်နယ်မှာ ဟားခါး ခရိုင်နှင့် မင်းတပ်ခရိုင်မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ ကသာခရိုင်နှင့် ကလေးခရိုင် မဲဆန္ဒနယ်၊ တနင်္သာရီတိုင်းဒေသကြီးမှာ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် မဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီးမှာ ပဲခူးခရိုင်နှင့် ပြည်ခရိုင်မဲဆန္ဒနယ်၊ မကွေးတိုင်းဒေသကြီးမှာ မကွေး ခရိုင်နှင့် ပခုက္ကူခရိုင်မဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီးမှာ မန္တလေးခရိုင်နှင့် မိတ္ထီလာခရိုင် မဲဆန္ဒနယ်၊ မွန်ပြည်နယ်မှာ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်မဲဆန္ဒနယ်၊ ရခိုင်ပြည်နယ်မှာ စစ်တွေခရိုင်နှင့် ကျောက်ဖြူ ခရိုင် မဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်မှာ တောင်ကြီးခရိုင်၊ ကျိုင်းတုံခရိုင်နှင့် လားရှိုးခရိုင် မဲဆန္ဒနယ်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်နှင့် ဖျာပုံခရိုင် မဲဆန္ဒနယ်များ ဖြစ်ပါတယ်။ နေပြည်တော်အတွက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မဲဆန္ဒနယ်မှ မဲရုံခွဲတစ်ခု ကို ဒက္ခိဏခရိုင် ဥပဒေရုံးမှာ ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ခရိုင်ဥပဒေအရာရှိ ခေါင်းဆောင်သောကြီးကြပ်ရေးအဖွဲ့များ ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်တာကြောင့် ကြီးကြပ်ရေးအဖွဲ့များက မိမိတို့ရဲ့ရုံးခန်းကို သက်ဆိုင်ရာ ခရိုင်ဥပဒေရုံးတွေမှာ ဖွင့်လှစ်ပြီး လုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။

ဆန္ဒမဲပေးခြင်း

အခုကျင်းပမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမည့်သူဟာ ကြိုတင်မဲပေးတဲ့စနစ် ကျင့်သုံးခွင့် မရှိဘဲ မဲရုံသို့ ကိုယ်တိုင်လာရောက် မဲပေးရမှာဖြစ်ပါတယ်။ ဆန္ဒမဲပေးနိုင်ရန် တရားလွှတ်တော်ရှေ့နေ အဖြစ် အသိအမှတ်ပြုလက်မှတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြား ယူဆောင်လာရမှာ ဖြစ်ပါတယ်။ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရန် ကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

ဆန္ဒမဲလက်မှတ်ကတော့ နည်းဥပဒေ ၁၁ အရ ရွေးကောက်တင်မြှောက်ခံမည့် ကောင်စီ ဝင်လောင်းအားလုံး၏ အမည်များကို ဖော်ပြထားပြီး အတွင်းရေးမှူးက လက်မှတ်ရေးထိုးထား ပါတယ်။ ရွေးကောက်တင်မြှောက်ခံမည့်ကောင်စီဝင်လောင်း ၁၁၀ ဦးရှိတာကြောင့် ဆန္ဒမဲ လက်မှတ်ကို Legal Paper စာရွက်မှာ ရိုက်နှိပ်ထားပြီး စာမျက်နှာ နှစ်ဖက်လုံးမှာ ကောင်စီဝင်လောင်းများရဲ့အမည်၊ တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ပါ အမှတ်စဉ် နှင့် ဆန္ဒပြုရမည့် ကွက်လပ် (         ) တို့ ပါရှိမှာဖြစ်ပါတယ်။ အကယ်၍ ရွေးကောက်ခံမည့် တရားလွှတ်တော်ရှေ့နေအမည်တူပါရှိပါက ၎င်းတို့ ပုံစံ ၄ လျှောက်ထားရာမှာဖော်ပြပါရှိတဲ့ နေရပ်လိပ်စာပါ မြို့အမည်ကို ဖော်ပြထားပါတယ်။ အဲဒီအပြင် မဲဆန္ဒနယ်တစ်ခုထဲမှာပဲ အမည်တူများရှိနေလျှင် သင့်သည့် နည်းနဲ့ကွဲပြားအောင် ဖော်ပြ ထားပါတယ်။

ဆန္ဒမဲပေးသူဟာ ဆန္ဒမဲလက်မှတ်မှာ မိမိမဲပေးလိုသည့် တရားလွှတ်တော်ရှေ့နေ ၁၁ ဦး၏ အမည်နံဘေးရှိ ကွက်လပ်မှာ အမှန် (Â) အမှတ်အသား ရေးမှတ်ရမှာဖြစ်ပါတယ်။ ၁၁ ဦး ထက်ပိုပြီး ဆန္ဒပြုထားတဲ့ ဆန္ဒမဲလက်မှတ်၊ မသေချာမထင်ရှားတဲ့ ဆန္ဒမဲလက်မှတ်၊ ပြောင်းလဲထားတဲ့ ဆန္ဒမဲ လက်မှတ်နှင့် ပျက်စီးနေတဲ့ ဆန္ဒမဲလက်မှတ်တို့ကို ပယ်မဲအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။

ဆန္ဒမဲရေတွက်ခြင်းနှင့်ကောင်စီဝင်လောင်းအမည်စာရင်းကြေညာခြင်း

ဆန္ဒမဲပေးပြီးတဲ့အခါ သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့က မိမိတို့မဲရုံအလိုက် ဆန္ဒမဲများကိုစိစစ်ပြီး ကောင်စီဝင်လောင်းတစ်ဦးချင်းစီရရှိတဲ့ ဆန္ဒမဲအရေအတွက်ကို အများအနည်းအလိုက် ပုံစံ ၁၄ နှင့် ပြုစုပြီး အတွင်းရေးမှူးထံ ပေးပို့မှာဖြစ်ပါတယ်။ အတွင်းရေးမှူးက ကောင်စီဝင်လောင်း တစ်ဦးချင်းစီ ရရှိသည့် ဆန္ဒမဲအများအနည်းအလိုက် စာရင်းချုပ်ပြီး ဆန္ဒမဲအများဆုံးရရှိသည့် ရွေးကောက်တင်မြှောက် ခံရသူ ၁၁ ဦး၏ အမည်စာရင်းကို ကြေညာမှာဖြစ်ပါတယ်။

ရွေးကောက်တင်မြှောက်ခံရသူများစာရင်းကို ထုတ်ပြန်ကြေညာပြီးနောက် ရက်ပေါင်း‌ ၆၀ အတွင်း လက်ရှိတရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌက တရားလွှတ်တော်ရှေ့နေများကောင်စီ ပထမ အကြိမ်အစည်းအဝေးကို ခေါ်ယူကျင်းပမှာဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ယခင် ကောင်စီဝင်ဟောင်းများဟာ တာဝန်မှနုတ်ထွက်ပြီးဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ တရား လွှတ်တော်ရှေ့နေများပါဝင်တဲ့ တရားလွှတ်တော်ရှေ့နေများ ကောင်စီ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ရုံးလုပ်ငန်းများကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက တာဝန်ယူဆောင်ရွက်ရတာကြောင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီမံခန့်ခွဲရေး ကိစ္စရပ်များအပါအဝင် လုပ်ငန်းစဉ်အားလုံးကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက်ရှိပါတယ်။

ဒါကြောင့် တရားလွှတ်တော်ရှေ့နေများကိုယ်တိုင် ဆန္ဒမဲပေးပြီး ရွေးကောက်တင်မြှောက် ခံရသော တရားလွှတ်တော်ရှေ့နေများ ပါဝင်သည့် တရားလွှတ်တော်ရှေ့နေများကောင်စီသည် မကြာမီ ကာလတွင် ဖွဲ့စည်းမှုအသစ်ဖြင့် ပေါ်ပေါက်လာမည်ဖြစ်ပြီး တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေအရ သက်ဆိုင်ရာလုပ်ငန်းများကို ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါတယ်။

သန့်ဇင်

ပြည်ထောင်စုရှေ့နေချုပ်ရုံး