ဥပဒေဘာသာပြန်ကော်မရှင် ဆဌမအကြိမ် အစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၉

ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဌ အဖြစ်ပါဝင်သော ဥပဒေဘာသာပြန်ကော်မရှင်၏ ဆဌမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် ပဉ္စမအကြိမ် အစည်းအဝေးတွင် ဥပဒေ ၄ ခု ဆွေးနွေးခဲ့ပြီး ယင်းဥပဒေ ၄ ခု၏ ဘာသာပြန်ဆိုချက်ကို မကြာမီ စာအုပ်အမှတ်၊ ၇ အဖြစ် ထုတ်ဝေနိုင်မည်ဖြစ်ပါကြောင်း၊ စာအုပ်အမှတ်၊ ၆ အထိ ဥပဒေ ၂၀ ခုကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေး ၃ ရက်တွင် The Penal Code ၊ The Negotiable Instruments Act နှင့် The Public Property Protection Act တို့ကို ဆွေးနွေးအတည်ပြုမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့ငယ်များတွင် ဘာသာပြန်ဆို ဆောင်ရွက်ဆဲ ဥပဒေ ၁၆ ခု ရှိပါကြောင်း၊ ဆောင်ရွက်ဆဲဥပဒေများ မပါ ဘာသာပြန်ဆိုရန် ဥပဒေ ၃၈ ခု ကျန်ရှိပါကြောင်းနှင့် ဥပဒေဘာသာပြန် လုပ်ငန်းများ အောင်အောင်မြင်မြင် ဆက်လက်ဆောင်ရွက် နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးစေလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြပါသည်။

                                                                                                               (သတင်းစဉ်)