ဥပဒေအရာရှိအဆင့် – ၃ မွမ်းမံသင်တန်း အမှတ်စဉ်(၃၂) သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ် တက်ရောက်၍ အမှာစကားပြောကြား

နေပြည်တော်၊  ဖေဖော်ဝါရီ  ၁၁

          ပြည်ထောင်စုရှေ့နေချုပ်ရုံး၊  ဥပဒေအရာရှိအဆင့် – ၃ မွမ်းမံသင်တန်း အမှတ်စဉ်(၃၂) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၀၈:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

           ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် တရားစွဲနှင့် အမှုလိုက်လုပ်ငန်း များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်သည် လူပုဂ္ဂိုလ်တစ်ဦး ချင်းစီ၏ ဥပဒေအရ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပေးကြရမည်ဖြစ် ကြောင်း၊ အဆိုပါ လုပ်ငန်းတာဝန်များကို ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းများ အောင်မြင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ဥပဒေအကြံပေးရာတွင် အဂတိတရားဖြင့် ဆောင်ရွက်ခြင်း မပြုရန် လိုအပ်ပါကြောင်း၊ တာဝန်ထမ်းဆောင်ကြရာတွင် ခံယူချက်နှင့် ကိုယ်ကျင့် တရားများ ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ်နှင့်  ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာကြရမည်ဖြစ်ကြောင်းနှင့် ဥပဒေများကို အမြဲလေ့လာ ဆည်းပူး ကြရန် လိုအပ်ပါကြောင်းဖြင့် မှာကြားခဲ့ပါသည်။

          အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ထူးချွန်ဆု ရရှိသူ သင်တန်းသား၊ သင်တန်းသူ ၃ ဦးအား ဆုများအသီးသီး ချီးမြှင့်ခဲ့ပါသည်။

(သတင်းစဉ်)