ပြည်ထောင်စုရှေ့နေချုပ်သည် စင်ကာပူနိုင်ငံတရားသူကြီးချုပ် H.E Mr. Sundaresh Menon ၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E Mr. John Nielsen နှင့် Max Planck and the Chubb Rule of Law Fund မှ Managing Director and Head of South and Aisa Operations ဖြစ်သူ Mr. Johannes Krusemark-Camin တို့အား သီးခြားစီလက်ခံတွေ့ဆုံ

နေပြည်တော်၊  ဖေဖော်ဝါရီလ  ၁၁

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် စင်ကာပူနိုင်ငံ တရားသူကြီးချုပ် H.E    Mr. Sundaresh Menon အား ယနေ့ နံနက် ၀၉:၃၀ အချိန်တွင်လည်းကောင်း၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E Mr. John Nielsen အား နံနက် ၁၁:၀၀ အချိန်တွင်လည်းကောင်း၊ Max Planck and the Chubb Rule of Law Fund မှ Managing Director and Head of South and Aisa Operations ဖြစ်သူ Mr. Johannes Krusemark-Camin အား မွန်းလွဲ ၁၄:၀၀ အချိန်တွင် လည်းကောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။

          စင်ကာပူနိုင်ငံတရားသူကြီးချုပ် H.E Mr. Sundaresh Menon နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများနှင့် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အာဆီယံ ဥပဒေပညာရှင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ အာဆီယံဥပဒေ ပညာရှင်များအသင်း၏ ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံတွင်  ၂၀၂၀ ပြည့်နှစ်၊ မတ်လ၌ လက်ခံကျင်းပမည့် ၁၉ ကြိမ်မြောက် အာဆီယံ အဆင့်မြင့် ဥပဒေအရာရှိများ အစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ တရား လွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပြင်ဆင်မှု၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ နည်းဥပဒေ ရေးဆွဲပြီးစီးမှုနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကဏ္ဍများတွင် တရားမျှတမှု လက်လှမ်းမီရေး ဆိုင်ရာကိစ္စရပ်များနှင့် အာဆီယံရှေ့နေများကောင်စီနှင့် ပူးပေါင်းဆောင်ရွက် မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E Mr. John Nielsen နှင့်တွေ့ဆုံစဉ် ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

          Max Planck and the Chubb Rule of Law Fund မှ Mr. Johannes Krusemark-Camin နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် Max Planck တို့အကြား ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲများသို့ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ  တက်ရောက်ခဲ့ပါသည်။

                                                                                                           (သတင်းစဉ်)