ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာနယ်ပယ်(၁)အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ဒီဇင်ဘာလ ၃


ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျုဟာနယ်ပယ် (၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဌ ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာနယ်ပယ် (၁)အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်အဖြစ် ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒများ၊ ညွှန်ကြားချက်များ နှင့် ဥပဒေမူဘောင်များကို မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များ နှင့် ကိုက်ညီပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ ပိုမိုတိုးတက်ခိုင်မာစေရန် ဌာနအဖွဲ့အစည်းအလိုက် ဆောင်ရွက်မှုများကို ကြီးကြပ်ရန်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာ အမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ရေးလုပ်ငန်း ကော်မတီကို ဖွဲ့စည်း၍ ၂၀၁၅ ခုနှစ်က စတင်ပြီး IMF ၏နည်းပညာအကူအညီရယူကာ National Risk Assessment (NRA) ကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ NRA ၏ တွေ့ရှိချက် နှင့် အပြန်အလှန် အကဲဖြတ်ရေး အစီရင်ခံစာပါ မြန်မာနိုင်ငံ၏အားနည်းချက်၊ အကြံပြုချက်များကို နယ်ပယ် ၅ ရပ် ချမှတ်၍ မဟာဗျူဟာရေး ဆွဲခဲ့ပါကြောင်း၊ နယ်ပယ်အလိုက် ဆောင်ရွက်ပြီးသည့်အချက်များ၊ ဆောင်ရွက်ရန်လိုအပ်သည့် အချက်များကို သက်ဆိုင်ဌာနအနေဖြင့် စိစစ်ပြီးလိုအပ်သည့်အချက်များကို ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း၊ ကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းအလိုက် ဆောင်ရွက်မှုများကို တင်ပြပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုစေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက်ကော်မတီ၏ အတွင်းရေးမှူးမှ မဟာဗျူဟာနယ်ပယ် (၁) ပါ ဆောင်ရွက်ရမည့်ကိစ္စ နှင့် ဦးစားပေးနယ်ပယ်အလိုက် ဆောင်ရွက်ရန်အချက်များကိုဆွေးနွေးခဲ့ပါသည်။ တက်ရောက် လာသည့် အဖွဲ့ဝင်များက မဟာဗျူဟာနယ်ပယ် (၁) ပါ မိမိတို့ နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအလိုက် ဆောင်ရွက်ပြီးသည့်အချက် နှင့် ဆောင်ရွက်ရန်ရှိသည့်အချက်များကို ဆွေးနွေးကြပါသည်။
အဆိုပါအစည်းအဝေးသို့ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာနယ်ပယ် (၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ တက်ရောက်ကြ ပါသည်။

(သတင်းစဉ်)