ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄ ) မူကြမ်း ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၂

          ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄ ) မူကြမ်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင် Kempinski Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါ အခမ်းအနား၌  ပြည်ထောင်စုရှေ့နေချုပ်က အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ပထမအကြိမ်  မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၉) ကို UNDP ၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ်မှ စတင်၍ ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါကြောင်း၊ ယင်းစီမံကိန်း အရ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုနှစ် ၂၀၁၉ခုနှစ်တွင် စီမံကိန်းကာလ ပြီးစီးမှာဖြစ်သည့်အတွက် ဒုတိယအကြိမ် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ကို  USAID (PRLM-Promoting Rule of Law in Myanmar) ၏ ပံ့ပိုးကူညီမှုဖြင့် ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် USAID (PRLM) နှင့် ပူးပေါင်း၍ ၂၀၁၉ မတ်လ ၂၂ ရက်နေ့မှစတင်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းဆိုင်ရာ အရည်အချင်း တိုးတက်အားကောင်းလာစေရေး (HICD -Human and Institutional Capacity Development) ကို ကနဦး လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၉ မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အပေါ် UNDP ကလည်း လေ့လာသုံးသပ်ချက်များ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းလေ့လာဆန်းစစ်မှုမှ ရရှိသော အားနည်းချက်၊ အားသာချက်များ၊ အကြံပြုချက်များအပေါ် အခြေခံ၍ နောက်ထပ် ၅ နှစ်တာ ကာလအတွက် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ကိုထပ်မံ ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊  ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၀-၂၀၂၄) သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ ပြည်သူနှင့်နိုင်ငံတော်အတွက် ပိုမိုကောင်းမွန် ထိရောက်သော ဥပဒေ အကြံဉာဏ်များပေးနိုင်ရန်၊ ပြည်သူများအတွက် တရားမျှတမှုဖော်ဆောင်ပေးနိုင်ရန်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး အများပြည်သူ ပိုမိုအားကိုးယုံကြည်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဤစီမံကိန်းကို ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ တို့မှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စု ဥပဒေအထောက်အကူပြုအဖွဲ့နှင့် တရားလွှတ်တော်ရှေ့နေများကောင်စီတို့မှ အဖွဲ့ဝင်များ၊ အစိုးရဌာနအဖွဲ့အစည်းများမှ အရာရှိကြီးများ၊ USAID (PRLM)မှ Chief of Party နှင့်  ဖိတ်ကြား ထားသည့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။                                                                                                                                                                                (သတင်းစဉ်)