တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဖွဲ့ဝင်များ၏ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၉)ကို ကျင်းပဆောင်ရွက်

နေပြည်တော်၊   ဇွန်   ၁၂

       တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၉)ကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။

          အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာ၌ 10-6-2019 ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဌာန်းပြီးဖြစ်ကြောင်း၊ ပြင်ဆင်သည့် ဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်မည့် နည်းဥပဒေများနှင့်အညီ တရားလွှတ်တော်ရှေ့နေများက ရွေးကောက်တင်မြောက် သည့် လုပ်သက်အနည်းဆုံး ၁၅ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ၁၁ ဦးကို ​ရွေးကောက်တင် မြောက် ရမည်ဖြစ်ကြောင်း၊ နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးအတွက် တရားလွှတ်တော်ရှေ့နေ များကောင်စီက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ သဘောထား ပေးရမည်ဖြစ်ကြောင်း၊ မြန်မြန်ဆန်ဆန် သဘောထား ပေးပို့နိုင်ရန်လိုပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် တရား လွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းရန် လျှောက်ထားသည့် လျှောက်လွှာ ၄၃၈ စောင်ကို စိစစ်အတည်ပြု မည်ဖြစ်ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေ မှတ်ပုံတင်ကဒ်ပြား Smart Card ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ပေးပို့သည့် ၃၆၄၉ ဦး အနက် ၂၀၁၂ ဦး အတွက် ပြုလုပ်ပြီးဖြစ်ပါကြောင်း၊ အားလုံးပြီးစီးသည်နှင့် ဖြန့်ဝေသွားမည် ဖြစ် ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ တက်ရောက်လာကြသော တရားလွှတ်တော်ရှေ့နေ များကောင်စီအဖွဲ့ဝင်များက တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ကိစ္စများ၊ တရားလွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာနှင့် စပ်လျဉ်း၍ သဘောထားတောင်းခံ သည့်ကိစ္စရပ်များ၊ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် ကိစ္စများနှင့်စပ် လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။

          အစည်းအဝေးသို့ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် စုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ကြပါသည်။

 (သတင်းစဉ်)