ပြည်ထောင်စုရှေ့နေချုပ်သည် Senior Land Administration Specialist and Task Team Leader ဖြစ်သူ Mr. Paul Prettitore အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ ၂၈

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် The World Bank မှ Senior Land Administration Specialist and Task Team Leader ဖြစ်သူ Mr. Paul Prettitore နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြေယာကဏ္ဍနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေများနှင့် ကျင့်သုံး ဆောင်ရွက်နေမှုများ၊ ကဏ္ဍအားလုံးနှင့် အကျုံးဝင်မည့် အမျိုးသားမြေယာ ဥပဒေတစ်ရပ် ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးနှင့် သိမ်းဆည်းခဲ့သည့် စွန့်လွှတ်မြေများကို သက်ဆိုင် သူများထံ ပြန်လည်လွှဲအပ်ရေး အဆင့်ဆင့် ဆောင်ရွက်နေမှုများ၊ မြေကျူးကျော်မှုများနှင့် မြေယာ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နေမှုများ၊ မြေယာကဏ္ဍနှင့် စပ်လျဉ်းသည့် ဥပဒေများ တိုးတက်ကောင်းမွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆွေဆွေအောင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းတို့ တက်ရောက်ခဲ့ကြ ပါသည်။

(သတင်းစဉ်)