ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) ဆိုင်ရာ မြန်မာနိုင်ငံအစီရင်ခံစာ ပြုစုရေး လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပ

နေပြည်တော်၊ မေ ၂၈

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) ဆိုင်ရာ မြန်မာနိုင်ငံအစီရင်ခံစာ ပြုစုရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်အမှာ စကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုရှေ့နေချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် UPR အစီရင်ခံစာကို ၂၀၁၁ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် တို့တွင် နှစ်ကြိမ် တင်ပြခဲ့ပါကြောင်း၊ ဒုတိယ အကြိမ် အစီရင်ခံစာအပေါ် နိုင်ငံပေါင်း ၉၃ နိုင်ငံမှ အကြံပြုတိုက်တွန်းချက် ၂၈၁ ချက်ကို ရရှိခဲ့ပြီး အကြံပြုတိုက်တွန်းချက် ၁၆၆ ချက်ကို လက်ခံခဲ့ပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် တတိယအကြိမ် အစီရင်ခံစာကို တင်သွင်းရမည်ဖြစ်သဖြင့် ဒုတိယသမ္မတ(၁)ဦးဆောင်သည့် အမျိုးသားအဆင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ လုပ်ငန်းကဏ္ဍ ၁၂ ရပ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီသည် အဆိုပါ လုပ်ငန်းကဏ္ဍအလိုက် ပေးပို့သည့် အချက်အလက်များကို အခြေခံ၍ အစီရင်ခံစာ ပြုစုရမည် ဖြစ်ပါကြောင်း၊ အစီရင်ခံစာ ရေးသားတင်ပြမည့်ပုံစံ နှင့် ထည့်သွင်းဖော်ပြမည့် အကြောင်း အရာများ၊ အစီရင်ခံစာပြုစုရေး လုပ်ငန်းအချိန်ဇယားတို့ကို သတ်မှတ်၍ မကြာမီ ကျင်းပ မည့် အမျိုးသားအဆင့်ကော်မတီသို့ တင်ပြဆွေးနွေးမည် ဖြစ်ပါကြောင်း၊ အစီရင်ခံစာတွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် ဖြစ်ပေါ် ပြောင်းလဲ တိုးတက်မှုများနှင့် ဆောင်ရွက်နေမှုများ ကို ပြည့်စုံစွာ ဖော်ပြနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပါရန် ပြောကြား ခဲ့ပါသည်။
ယင်းနောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အစီရင်ခံစာပြုစုရေးနှင့် စပ်လျဉ်း၍ ယခင်က ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၊ ကောင်းမွန်ပြည့်စုံသည့် အစီရင်ခံစာ တစ်ရပ် ပြုစုနိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း တင်ပြနိုင်ရေးတို့အတွက် ဆွေးနွေးအကြံပြုခဲ့ကြပါသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌများ ဖြစ်ကြသည့် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်၊ ဒုတိယစစ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အဖွဲ့၀င်များ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)