လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ၏ ဥက္ကဌ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်အဖွင့် အမှာစကားပြောကြား

နေပြည်တော်၊ မေလ ၂၂


ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ၏ ဥက္ကဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က တက်ရောက် အဖွင့််အမှာ စကားပြောကြားပါသည်။
ဒုတိယရှေ့နေချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို (၅)နှစ် စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ တတိယ(၅)နှစ် စီမံကိန်း (၂ဝ၁၇-၂ဝ၂၁)၏ တတိယနှစ်သို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း အမေရိကန်နိုင်ငံက နှစ်စဉ်ထုတ်ပြန်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာအရ ၂ဝ၁၇ ခုနှစ် တွင် Tier 2 watch list အဆင့်မှ ၂ဝ၁၈ ခုနှစ်တွင် အနိမ့်ဆုံးအဆင့် ဖြစ်သည့် Tier 3 အဆင့် သတ်မှတ်ခံခဲ့ရသည်ကို အားလုံး အသိပင်ဖြစ်ကြောင်း၊ Tier အဆင့် လျှော့ချခြင်းသည် အစီရင်ခံစာ တင်ပြြခင်းနှင့် သက်ဆိုင်နေသဖြင့် မိမိတို့ ဆောင်ရွက်မှုများကို အစီရင်ခံရာတွင် အချက်အလက် ပြည့်စုံအောင် တင်ပြရမှာဖြစ်ကြောင်း၊ ၅-၃-၂ဝ၁၉ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၁၅ ချက် ချမှတ်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်များအနက် ဉပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က အဓိက ဆောင်ရွက်ရမည့် အချက် ၆ ချက် ပါရှိကြောင်း၊ ထို့ပြင် နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားကို ရှေးရှု၍ Tier 3 အဆင့်မှ Tier 2 အဆင့်သို့ ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဌာနအချင်းချင်း အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးရန်၊ မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်နိုင်သည့် အချက်အလက် အားလုံးကို နိုင်ငံတကာ Image တွင် သိရှိနိုင်စေရေး အစွမ်းကုန် ပူးပေါင်းဆောင် ရွက်ကြရန် တိုက်တွန်းကြောင်း စသည်ဖြင့် ပြောကြားပါသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက ဥပဒေရေးရာနှင့် တရားစွဲဆိုရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ၂၀၁၉ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းအဖွဲ့က အကောင် အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့််ထူးက လူကုန်ကူးမှု တရားစွဲတင်နိုင်မှု၊ လူကုန်ကူးမှု ပြစ်ဒဏ်ချ မှတ်မှု၊ လူကုန်ကူးများ တရားစွဲတင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ရှင်းလင်း တင်ပြကြပါ သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဥပဒေရေးရာနှင့်် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေး ကြပါသည်။ လုပ်ငန်းအဖွဲ့ ဥက္ကဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)