ဥပဒေအရာရှိအဆင့်- ၃ မွမ်းမံသင်တန်း အမှတ်စဉ်(၃၁) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် တက်ရောက်၍ လမ်းညွှန်မှာကြား

နေပြည်တော်၊   မေ  ၂၁

       ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအရာရှိအဆင့်-၃ မွမ်းမံသင်တန်း အမှတ်စဉ်- ၃၁ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် တက်ရောက်၍ အမှာစကား ပြောကြားပါသည်။

       ဒုတိယရှေ့နေချုပ်က အမှာစကား ပြောကြားရာတွင် ယခုသင်တန်း၌ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ်ဥပဒေရုံး အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဦးစီးအရာရှိများ/ မြို့နယ်ဥပဒေအရာရှိများ အနေဖြင့် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ၊ နည်းဥပဒေနှင့်အညီ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားစွာဖြင့် တာဝန်ထမ်း ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ ဥပဒေအရာရှိများသည် နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက် များကို ရှေးရှု၍ တည်ဆဲဥပဒေများနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်နှင့် ရုံးလုပ်ငန်း၊ စီမံရေးရာနှင့် ဘတ်ဂျက် ငွေစာရင်း လုပ်ငန်းများကိုလည်း ကျွမ်းကျင်ရန် လေ့လာဆည်းပူး ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် MLIS စနစ်တွင် ဥပဒေ များ၊ တစ်ဆင့်ခံ ဥပဒေများ၊ စီရင်ထုံးများ၊ အပြည်ပြည်ဆိုင်ရာ   စာချုပ်များ ရှာဖွေပုံ၊ ရှာဖွေနည်းကို လည်း သင်ကြားပြသသွားမှာဖြစ်ကြောင်း၊ တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံပေးခြင်း၊ အမှုလိုက်ပါ ဆောင်ရွက်ခြင်း၊ အမှုရုပ်သိမ်းခြင်း၊ အမှုပိတ်သိမ်းခြင်း၊  ပြင်ဆင်မှု၊ အယူခံမှုများ တင်သွင်းခြင်း စသည့်တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများတွင် အဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမျှတမှု ရရှိရေးအတွက် ဆောင်ရွက်ရာတွင် တရားလို၏ ထိခိုက်နစ်နာမှုများ၊ စွပ်စွဲခံရသူ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရ မည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ကဏ္ဍတိုးတက် ကောင်းမွန်ရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အရည်အသွေး ပြည့်ဝတဲ့ ဥပဒေအရာရှိများ ဖြစ်လာကြစေရန် ကြိုးပမ်းဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ် စည်းကမ်းများနှင့် ဥပဒေအရာရှိ ကျင့်ဝတ်တို့ကို လိုက်နာ၍ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖြူစင်သောစိတ်ထား၊ မှန်ကန်သော ခံယူချက်များဖြင့် လေ့ကျင့်တည်ဆောက်ပြီး အရည်အသွေး တိုးတက်မြင့်မားရေးအတွက် လေ့လာဆည်းပူးကြရန် ဖြစ်ကြောင်း မှာကြားပါသည်။

       သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်း ကာလမှာ ရက်သတ္တ ၄ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)