ဥပဒေဘာသာပြန်ကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာလ ၂၉

          ဥပဒေဘာသာပြန်ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဥပဒေဘာသာပြန် ကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ဆွေးနွေး မှာကြားခဲ့ပါသည်။

          ပြည်ထောင်စုရှေ့နေချုပ်က ဆွေးနွေးမှာကြားရာတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလ     ၈ ရက်၊ ၉ ရက် နှင့် ၁၀ ရက်နေ့များတွင် ကျင်းပခဲ့သည့် ဥပဒေဘာသာပြန်လုပ်ငန်းကော်မတီ အစည်းအဝေး၌ လုပ်ငန်းအဖွဲ့ငယ်များက တင်ပြသည့် ဥပဒေ ၄ ခု၏ မြန်မာ ဘာသာပြန်ဆိုချက်များကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါကြောင်း၊ လုပ်ငန်းအဖွဲ့ငယ်များက တင်ပြသည့် အခြားဥပဒေ ၃ ခု၏ မြန်မာဘာသာပြန်ဆိုချက်များကို လုပ်ငန်းကော်မတီဝင် များက ရန်ကုန်မြို့ရှိ ဥပဒေဘာသာပြန် ကော်မရှင်ရုံးခွဲတွင် ဆက်လက်ဆွေးနွေး၍ အချောသတ် မြန်မာဘာသာပြန်ဆိုနိုင်ခဲ့ပါကြောင်း၊ ဖော်ပြပါ လုပ်ငန်းကော်မတီက အတည်ပြုပြီးဖြစ်သည့်ဥပဒေမြန်မာဘာသာပြန် ၇ ခုနှင့် လုပ်ငန်းအဖွဲ့ငယ်များက ထပ်မံ တင်ပြသည့် ဥပဒေ ၂ ခု၏ မြန်မာဘာသာပြန်ဆိုချက်တို့ကို ကော်မရှင်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုပေးရန် ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် ဘာသာ ပြန်ဆိုခြင်းများ မှန်ကန်စေရန် အသေးစိတ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားပါသည်။

          ဥပဒေဘာသာပြန်ကော်မရှင်အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ်၊ ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့ဝင်များနှင့်  လုပ်ငန်း အဖွဲ့ငယ်များမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။  

   

                                                                                                  (သတင်းစဉ်)