သမိုင်းနောက်ခံ

         ဗြိတိသျှသည်  ပြစ်မှုဆိုင်ရာမှုခင်းများနှင့်  တရားမမှုများ  စစ်ဆေးစီရင်သည့်  ဥပဒေစနစ်တစ်ရပ်ကို  ပထမ  အင်္ဂလိပ် - မြန်မာ  စစ်ပွဲပြီးဆုံးသည့် ၁၈၂၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ယူဆောင်ခဲ့ပါသည်။ ယင်းဥပဒေစနစ်သည် အင်္ဂလိပ်ရိုးရာဥပဒေစနစ် (Common Law Legal System) ကိုပြုပြင်ပြောင်းလဲထားသည့် အိန္ဒိယမှ ယူဆောင်လာသော အင်္ဂလိပ်ရိုးရာဥပဒေစနစ်ပင် ဖြစ်ပါသည်။ ယင်းဥပဒေစနစ်အား မြန်မာနိုင်ငံ၌ ပြစ်မှုဆိုင်ရာ မှုခင်းများနှင့် အစိုးရ ပါ၀င်သော တရားမမှုခင်းများကို အစိုးရရှေ့နေများ၊ အစိုးရ အမှုလိုက်အရာရှိများအား နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ရန် ခန့်အပ်ဆောင်ရွက်စေခဲ့ပါသည်။

         ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေနှင့်အညီ အစိုးရရှေ့နေများ၊ အစိုးရ အမှုလိုက်အရာရှိများကို ဦးဆောင်နိုင်ရေးအတွက် ရှေ့နေချုပ်တစ်ဦးခန့်အပ်ပါသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့်အညီ ရှေ့နေချုပ်တစ်ဦးခန့်အပ်ပါသည်။ ထို့နောက် ၁၉၄၈  ခုနှစ်တွင် နိုင်ငံတော် ရှေ့နေချုပ်အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းအက်ဥပဒေအရ ရှေ့နေချုပ်ရုံးကို ဖွဲ့စည်းတည်ထောင်ရာတွင် ရှေ့နေချုပ်တစ်ဦး၊ လက်ထောက်ရှေ့နေချုပ်တစ်ဦး၊ အစိုးရတရားရုံးချုပ် ရှေ့နေများနှင့် ဥပဒေရေးဆွဲရေး အရာရှိများကိုပါ ခန့်အပ်ခဲ့ပါသည်။

         ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ရယူခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့၌ ကြေညာချက်အမှတ် ၁၅ ကို ထုတ်ပြန်၍ ရှေ့နေချုပ်တစ်ဦးကို ခန့်အပ်ပြီး တရားမမှုနှင့် ပြစ်မှုဆိုင်ရာ မှုခင်းများကို အစိုးရဘက်မှ လိုက်ပါဆောင်ရွက်ရန်လည်းကောင်း၊ တော်လှန်ရေးကောင်စီအစိုးရအား ဥပဒေအကြံဉာဏ်များပေးရန်လည်းကောင်း တာဝန်များအပ်နှင်းပါသည်။

         ထို့နောက် ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်  ယခင်တည်ရှိခဲ့သော အုပ်ချုပ်ရေးယန္တရားကို ကြေညာချက်အမှတ် ၉၇ ဖြင့် ဖျက်သိမ်း၍ အုပ်ချုပ်ရေးယန္တရားအသစ် ပေါ်ပေါက်ခဲ့ပါသည်။ ယင်းသို့ ယန္တရားအသစ် ပေါ်ပေါက်ရာတွင်လည်း ရှေ့နေချုပ်တစ်ဦး၊ ဒုတိယရှေ့နေချုပ်တစ်ဦးနှငင့် လက်ထောက်ရှေ့နေချုပ် သုံးဦးတို့ ပါ၀င်သော တရားရေးဝန်ကြီးဌာနကို ဖွဲ့စည်း၍ တရားစွဲနှင့် အမှုလိုက်လုပ်ငန်း၊ ဥပဒေအကြံပေးလုပ်ငန်း၊ ဥပဒေ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းနှင့် ဥပဒေဘာသာပြန်လုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ခြင်းဖြင့် ရှေ့နေချုပ်ရုံးအသစ် ပေါ်ပေါက်ခဲ့ပါသည်။

         ရှေ့နေချုပ်ရုံး၏ သမိုင်းသည် ၁၉၇၄ ခုနှစ်သို့ ရောက်ရှိသည့်အခါ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီစနစ်ကို ကျင့်သုံးသည့်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ သမိုင်းတစ်ခေတ်ကူးပြောင်းခဲ့ပါသည်။ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော ပြည်သူ့လွှတ်တော်သည် ရှေ့နေချုပ်ရုံးကို ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည် မိမိအားအပ်နှင်းသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ဗဟိုဥပဒေရုံး၊ ပြည်နယ်နှင့် တိုင်းဥပဒေရုံးများ၊ မြို့နယ်ဥပဒေရုံးများ ဖွဲ့စည်းတည်ထောင်ပြီး အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲပါသည်။ ရှေ့နေချုပ်ဥပဒေသည် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဥပဒေအဖြစ် ရပ်တည်ခဲ့ပါသည်။

         ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်သို့ ရောက်သောအခါ နိုင်ငံတော်၏အခြေအနေ အပြောင်းအလဲနှင့်အတူ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်၏တာဝန်ကို ရယူဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်၌  ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဖြင့် ရပ်တည်ခဲ့သော ရှေ့နေချုပ်ရုံးသည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ရက်စွဲဖြင့် ပြဋ္ဌာန်းသည့် ရှေ့နေချုပ်ဥပဒေအရ ရှေ့နေချုပ်တစ်ဦးနှင့် ဒုတိယရှေ့နေချုပ် တစ်ဦးတို့ဖြင့် ရှေ့နေချုပ်ရုံးကို ဖွဲ့စည်းပြီး  ဗဟိုဥပဒေရုံးသည်လည်း ရှေ့နေချုပ်ရုံးအဖြစ် ပြောင်းလဲခဲ့ပါသည်။ အဆင့်ဆင့်သော ဥပဒေရုံးများကိုလည်း ပြည်နယ်နှင့်တိုင်း ဥပဒေရုံးများ၊ မြို့နယ်စု (ခရိုင်) ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ မန္တလေးမြို့တွင် ရှေ့နေချုပ်ရုံးခွဲတစ်ခု ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။  ရှေ့နေချုပ်ရုံးသည် ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းသော ရှေ့နေချုပ်ဥပဒေကို နိုင်ငံတော်အေးချမ်းသာသာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ ကျင့်သုံးခဲ့ပါသည်။ ထို့ပြင် ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းသော ရှေ့နေချုပ်ဥပဒေသည် ၂၀၀၁ ခုနှစ်၊ ရှေ့နေချုပ်ဥပဒေ၏ ရှေ့ပြေးလည်းဖြစ်ပါသည်။ ၂၀၀၁ ခုနှစ်၊ ရှေ့နေချုပ်ဥပဒေကို ရှေ့နေချုပ်ရုံး သမိုင်းတစ်လျှောက်တွင် ရရှိခဲ့သော အတွေ့အကြုံများအပေါ် အခြေခံ၍ ၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။ လုပ်ငန်းလိုအပ်ချက်များအရ ရှေ့နေချုပ်တစ်ဦးနှင့် ဒုတိယရှေ့နေချုပ်သုံးဦးခန့်အပ် တာဝန်ပေးနိုင်ရန်  ၂၀၀၁ ခုနှစ်၊ ရှေ့နေချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဖြင့် ပြင်ဆင်ခြင်း၊ တစ်ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

         မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ခေတ်စနစ်များ ပြောင်းလဲလာခြင်းနှင့် လိုက်လျော်ညီထွေစွာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့၌  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ သို့ဖြစ်၍ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေအာဏာ မတည်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၃ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းများအဖြစ် လိုအပ်သော ဥပဒေများ ပြဋ္ဌာန်းခဲ့ပါသည်။ ဤသို့ဖြင့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေသည် ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပေါ်ပေါက်ခဲ့ပါသည်။

         ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေများအရ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့ကို နိုင်ငံတော်သမ္မတက သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်တာဝန်ပေးပါသည်။ အလားတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များက သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသူကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတထံ တင်ပြပြီး နိုင်ငံတော်သမ္မတက ၀န်ကြီးချုပ် တင်ပြသော ပုဂ္ဂိုလ်အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေတို့နှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးပါသည်။ ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရပြီး ဒုတိယရှေ့နေချုပ်သည် ပြည်ထောင်စုရှေ့နေချုပ်အားလည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတ အားလည်းကောင်း၊ပြည်ထောင်စုရှေ့နေချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း တာဝန်ခံရပါသည်။

         ပြည်ထောင်စုရှေ့နေချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဖြစ်ပါသည်။