ပြည်ထောင်စုရှေ့နေချုပ်၏ ကိုယ်စား ဒုတိယရှေ့နေချုပ် ဦး၀င်းမြင့်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vikram Misri အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ ဇွန် ၇

ပြည်ထောင်စုရှေ့နေချုပ်၏ ကိုယ်စား ဒုတိယရှေ့နေချုပ် ဦး၀င်းမြင့်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vikram Misri အား ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယရှေ့နေချုပ်က ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာ၀န်များအား ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် အိန္ဒိယနိုင်ငံသံအမတ်ကြီးက ယခုကဲ့သို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အခန်းကဏ္ဍများကို သိရှိရသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ်၍ ဥပဒေရေးရာကိစ္စရပ်များအား  အတူ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဥပဒေဆိုင်ရာ သင်တန်းများ အထောက်အကူပေးရေးအတွက် တရားဝင်စာပေးပို့ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေမည့် သင်တန်းများကို ပို့ချပေးလိုပါကြောင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်းကို ကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ်နှင့်အတူ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်း၀န်တို့ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)