ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၁/၂၀၁၇)(အုပ်စု-၂)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက်

          ယနေ့ နံနက် ၀၉:၀၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၁/၂၀၁၇)(အုပ်စု-၂)သင်တန်းဆင်းပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါ အခမ်းအနားတွင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ယနေ့ ကျင်းပပြုလုပ်သော အခမ်း အနား၌သည်ဒီမိုကရေစီနေ့နှင့် တိုက်ဆိုင်သည့်အတွက်ထူးခြားသည့်နေ့ဟု ပြောကြားလိုပါကြောင်း၊ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် သင်တန်းသား စံပြဆုများ ရရှိခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ဥပဒေအရာရှိများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည့်အလျှောက် ထားရှိရမည့် ကျင့်ဝတ်နှင့် သိက္ခာများကိုသိရှိနားလည်ထားရမှာကြောင်း၊ ဥပဒေ၊ နည်းဥပဒေတို့ဖြင့် ပြဋ္ဌာန်းထားသော ဝန်ထမ်းဆိုင်ရာ တာဝန်ဝတ္တရားများကို သိရှိရန်လိုအပ်ပါကြောင်း၊ ဥပဒေအရာရှိများ၏ အဓိက တာဝန်ဖြစ်သော အမှုလိုက်ပါဆောင်ရွက်သည့် ကိစ္စရပ်များတွင် သိရှိနားလည်ထားရမည့် ပြစ်မှုဆိုင်ရာဥပဒေ၊ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ တရားမဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ အထူးဥပဒေတို့ကို ကျွမ်းကျင်စွာ သိရှိနားလည်ပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက် သွားနိုင်ခြင်းဖြင့် နိုင်ငံသားတို့အပေါ် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် နိုင်ရန်ရည်ရွယ်ပြီး သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း၊သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဥပဒေအရာရှိ ဘဝမှာ ကျင့်ကြံနေထိုင်ရမယ့်ကိစ္စတွေ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ၊ ရှောင်ရန်၊ ဆောင်ရန်တွေကို သင်တန်းချိန်အတွင်းမှာ ပို့ချခဲ့ပြီး ဖြစ်ကြောင်း၊ သင်တန်းမှ အတွေ့အကြုံများကို အခြေခံပြီး လုပ်ငန်းခွင်တွင် ကျွမ်းကျင် ပိုင်နိုင်စွာ ဖြင့်တာဝန်ထမ်းဆောင်ကြရမှာဖြစ်ကြောင်း၊ တစ်ဦးချင်းစီ၏ အရည်အချင်းသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ဂုဏ်သိက္ခာကို အထောက်အကူ ဖြစ်စေရမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံ မိမိရုံး အတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင် အလိုအပ်ဆုံးသော ကိုယ်ကျင့်တရားကို ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ အစဉ်အလာကောင်းသော မိမိတို့ရုံး၏ အနာဂတ်သည် မျိုးဆက်သစ် ဥပဒေအရာရှိများအပေါ်တွင်တည်မီနေပါကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် တရားစီရင်ရေးကဏ္ဍတွင် အဓိကကျသော တာဝန်များကို ထမ်းဆောင်ရာတွင် အဂတိတရား ကင်းရှင်းရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့၏ ဘဝသည် ဤနေရာတွင်ပင် ရပ်တည်နေခြင်း မရှိဘဲ ဆက်လက် ရွေ့လျားရဦးမည်ဖြစ်ကြောင်း၊ ကြီးလေးသောတာဝန်များကို ထမ်းဆောင်ရမည့်အချိန်တွင် ပိုင်နိုင်စွာ လုပ်ဆောင်နိုင်ရန် ယခုအလုပ်စတင်ဝင်ရောက်ကတည်းက ကြိုးစားကြရမည် ဖြစ်ကြောင်း၊ ကြိုးစားမှုကို အရင်းခံပြီး ရိုးသားစွာ ပြုမူနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ ​ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရ ဖြစ်နိုင်စေရန် နိုင်ငံ့ဝန်ထမ်းများတွင် တာဝန်ရှိပါကြောင်း၊  ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရန် လိုအပ်ပါကြောင်းနှင့်ဥပဒေအရာရှိများအနေဖြင့်အဖြူရောင်နှလုံးသားနှင့် ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားပါသည်။

          ဆက်လက်၍ သင်တန်းမှူးက သင်တန်းဆင်း အစီရင်ခံစာအား ဖတ်ကြားတင်ပြပါသည်။ ယင်းနောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များက အသီးသီး ဆုများပေးအပ် ချီးမြှင့်ကြပါသည်။

          အဆိုပါ အခမ်းအနားသို့ သင်တန်းဆရာ/­­­ဆရာမများ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၈၄ ဦး တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

                                                                                                

          (သတင်းစဉ်)