ပြည်ထောင်စုရှေ့နေချုပ်က အမေရိကန်နိုင်ငံသံရုံးမှ ပထမ အတွင်းဝန် Mr. Gregory L. Naarden နှင့် ဥပဒေအကြံပေးအရာရှိ Mr. Robert Strang တို့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊  အောက်တိုဘာ ၃

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် အမေရိကန်နိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Gregory L. Naarden နှင့် ဥပဒေ အကြံပေးအရာရှိ Mr. Robert Strang အား ယနေ့ နံနက် ၁၁:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

         ထိုသို့တွေ့ဆုံရာတွင် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ လူကုန် ကူးမှု စသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ တရားစွဲအမှုလိုက် အရာရှိများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ကိစ္စ၊ အဆိုပါမှုခင်းများအား စုံစမ်း စစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက်  အထူး အမှုလိုက်အရာရှိများ တာဝန်ပေးထားရှိရေးနှင့် နည်းပညာဆိုင်ရာသင်တန်းများ၊ အရည် အချင်းမြှင့်သင်တန်းများ ပို့ချပေးနိုင်ရေးကိစ္စ၊ အတွေ့အကြုံဖလှယ်သည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စ၊ အမှုတည်ဆောက်မှုခိုင်မာစေရေးအတွက် ဥပဒေအရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု ရှေ့ပြေးအစီအစဉ်များ ချမှတ်နိုင်ရေးကိစ္စ စသည် တို့ကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။

         တွေ့ဆုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါ်ခင်ချိုအုန်းနှင့် ဦးမင်းဆွေတို့လည်း တက်ရောက်ခဲ့ကြပါသည်။