ပြည်ထောင်စုရှေ့နေချုပ်က ဒိန်းမတ်နိုင်ငံသံအမတ်ကြီးH.E Mr. Peter Lysholt Hansen အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၂၁

               ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည်ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးH.E  Mr. Peter Lysholt Hansen အား ယနေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင်ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

              ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက် လျက်ရှိသော တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဖွဲ့ခွဲများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ‘တရားဥပဒေစိုးမိုးရေးဆီသို့’ ဟူသော မဟာဗျူဟာစီမံကိန်းအရ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဥပဒေအရာရှိကျင့်ဝတ်ထုတ်ပြန်ထားရှိမှု၊ စံပြရှေ့ပြေးဥပဒေရုံးများ တည်ထောင်ထားရှိမှု၊ မျှတသည့်တရားစီရင်ရေးဆိုင်ရာစံနှုန်းများ (Fair Trial Standards) သတ်မှတ် ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ၂၀၁၈ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဝန်ကြီးဌာနများမှကနဦးရေးဆွဲလာသောဥပဒေကြမ်းများအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အကြံပြုဆောင်ရွက်နေမှုများ၊ ဥပဒေစိစစ်ရေးလုပ်ငန်းတွင် ဆောင်ရွက်နေကြသည့် ဥပဒေအရာရှိများအတွက် အရည်အချင်းမြှင့်သင်တန်းများ ဆက်လက်ပို့ချပေးနိုင်ရေးကိစ္စ စသည်တို့ကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။

              တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် တို့လည်း တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)