တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၉

            တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာ၌ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ ရှမ်းနှင့် မန္တလေးတို့တွင်  ပြည်သူများထံမှ တင်ပြချက် စုစုပေါင်း ၉၅ မှုကို လက်ခံရရှိခဲ့ပါကြောင်း၊ အဆိုပါတင်ပြချက်များအပေါ်  အဖွဲ့ခွဲများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ဥပဒေနှင့်အညီ အယူခံလျှောက်ထားနိုင်ခွင့်များ အကြံပြုပြန်ကြားခြင်းနှင့် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်နိုင်ကြောင်း အကြံပြုပြန်ကြားခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အဖွဲ့ခွဲတွင် အစိုးရဘက်ကတာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်၍ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နိုင်ပါက တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ အဖွဲ့လုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ရည်ရွယ်၍ Rule of Law and Justice Sector Forum တစ်ရပ်ကိုကျင်းပရန် စီစဉ်လျက်ရှိပါကြောင်း၊ အဆိုပါ ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် တက်ရောက်လာကြသူများက တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများတွင် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ညီလာခံအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စ ရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါသည်။

            အဆိုပါ အစည်းအဝေးသို့ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ အကြံပေးအဖွဲ့ဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ  ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။