ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင် ဥပဒေအရာရှိများ၏ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မေ ၁၆

 

          ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊  တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

           ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရသည် အမျိုး သားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးနှင့် ပြည်သူများ၏ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အလေးထားဆောင်ရွက် လျက်ရှိရာ မိမိတို့အားလုံးက ကျရာအခန်းကဏ္ဍမှ ပါဝင်ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အစိုးရ၏ ၃ နှစ်တာ ကာလအတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများတွင် လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဥပဒေ သတင်းအချက် အလက်များကို အားလုံးလက်လှမ်းမီရေးအတွက် မြန်မာဥပဒေ သတင်းအချက်အလက် စနစ် ထူထောင်နိုင်ခဲ့ပါကြောင်း၊ ရှေ့ပြေး ဥပဒေရုံးများ တည်ထောင်၍ အမှုများ ကြန့်ကြာမှုမရှိစေရေး အတွက် မှုခင်းစီမံခန့်ခွဲမှု စနစ်ကို ကျင့်သုံးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ် ရုံးများအနေဖြင့် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများက ရေးဆွဲသည့် ဥပဒေကြမ်းများကို စိစစ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ညီညွတ်စေရေးအတွက် အလေးထား ဆောင်ရွက်ရန် လိုပါကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် တည်ဆဲဥပဒေများ၊ ပြင်ဆင်ပြဋ္ဌာန်းသည့် ဥပဒေများကို နှံ့နှံ့စပ်စပ် လေ့လာကြရန်နှင့် ပြည်ထောင်စု ရှေ့နေချုပ် နည်းဥပဒေကို ဥပဒေအရာရှိ လက်စွဲသဖွယ် လိုက်နာကြရန် လိုအပ်ပါကြောင်း၊ မူလမှုများ လိုက်ပါဆောင်ရွက်ရာတွင်လည်းကောင်း၊ အယူခံမှု၊ ပြင်ဆင်မှုများ တင်သွင်းရာတွင် လည်းကောင်း အချက်အလက်များ ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရေးအတွက် ဂရုပြုဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး ၏ တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက် ၁/၂၀၁၇ ကို တိတိကျကျ လိုက်နာရမည်ဖြစ် ပါကြောင်း၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကိုလည်း အလေးထား လိုက်နာရမည်ဖြစ် ကြောင်း၊ ဥပဒေရုံး အဆင့်ဆင့်တွင် လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးအတွက် ကြီးကြပ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် အဂတိလိုက်စားမှု တားဆီးကာ ကွယ်ရေးအဖွဲ့(CPU)ကို ဖွဲ့စည်းထားပြီး အဂတိလိုက်စားမှု ဖြစ်နိုင်ချေရှိသည့် အခြေအနေများ ကို တားဆီးကာကွယ်ခြင်း၊ တင်ပြတိုင်ကြားမှုများ စိစစ်အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အများပြည်သူကို ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်နိုင်သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်စေ ရေးအတွက် ဥပဒေအရာရှိကောင်းများ၊ ဝန်ထမ်းကောင်းများဖြစ်ရန် အစဉ်ကြိုးပမ်းကြရမည် ဖြစ် ကြောင်း မှာကြားခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်များ၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြ ပါသည်။

(သတင်းစဉ်)