ဒုတိယရှေ့နေချုပ် ဉီးဝင်းမြင့် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံရှေ့နေချုပ်၊ တရားရေးဝန်ကြီးနှင့် ဥပဒေရေးရာဝန်ကြီးတို့၏ ၆ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်

နေပြည်တော်၊  ဧပြီ  ၂၉

        ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဉီးဝင်းမြင့်သည် အင်ဒိုနီးရှား သမ္မတ နိုင်ငံ၊ ဂျော့ဂျကာတာမြို့၌ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ကျင်းပသည့် “ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ်နှင့် စပ်လျဉ်း၍ အာဆီယံရှေ့နေချုပ်၊ တရားရေးဝန်ကြီးနှင့် ဥပဒေရေးရာ ဝန်ကြီးတို့၏ (၆)ကြိမ်မြောက် အစည်းအဝေး” သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်း အဝေးသို့ အာဆီယံနိုင်ငံများမှ ရှေ့နေချုပ်များ၊ တရားရေးဝန်ကြီးများ၊ ဥပဒေရေးရာ ဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်များ၊ အာဆီယံ ဥပဒေရေးရာ အဆင့်မြင့်အရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ သူများလည်း တက်ရောက်ခဲ့ကြပါသည်။

          ယင်းအစည်းအဝေး၌ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူ အညီပေးရေး သဘောတူစာချုပ်(Treaty on Mutual Legal Assistance in Criminal Matters)ကို အာဆီယံ သဘောတူစာချုပ်(ASEAN Treaty)အဖြစ် သဘောတူ သတ်မှတ်ခြင်း၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူအညီ ပေးရေး သဘောတူစာချုပ် နှင့်စပ်လျဉ်း၍ အာဆီယံအဆင့်မြင့် အရာရှိကြီးများ၏ အစည်းအဝေး(Meeting of Senior Officials on the Treaty on Mutual Legal Assistance in Criminal Matters)ကို ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေး သဘောတူ စာချုပ်နှင့်စပ်လျဉ်း၍ ဗဟိုအာဏာပိုင် အဆင့်မြင့် အရာရှိကြီး များ၏ အစည်းအဝေး(Senior Officials Meeting of the Central Authorities on Mutual Legal Assistance in Criminal Matters)ဟူ၍ အမည်ပြောင်းလဲ ပြင်ဆင်သတ်မှတ်ရန် သဘောတူခြင်း၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ် များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေးနှင့်စပ်လျဉ်း၍ ရှေ့နေချုပ်၊ တရားရေး ဝန်ကြီးနှင့် ဥပဒေရေးရာဝန်ကြီးတို့၏ အစည်းအဝေး(Attorneys General/ Minister of Justice and Minister of Law on the Treaty on Mutual Legal Assistance in Criminal Matters)ကို ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေး နှင့်စပ်လျဉ်း၍ ဗဟိုအာဏာပိုင် အာဆီယံ ဝန်ကြီးများ၊ ရှေ့နေချုပ်များ၏ အစည်းအဝေး (ASEAN Ministers Attorneys General Meeting of the Central Authorities on Mutual Legal Assistance on Criminal matters)ဟူ၍ အမည်ပြောင်းလဲ ပြင်ဆင် သတ်မှတ်ရန် သဘောတူခြင်း၊ စာချုပ်ပါ အတွင်းရေးမှူးချုပ်ရုံး၏ လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အာဆီယံ အတွင်းရေးမှူးရုံးက တာဝန်ယူ ဆောင်ရွက်ရန် သဘောတူခြင်း စသည့်ကိစ္စရပ်များကို ဆွေးနွေးအတည်ပြု ခဲ့ကြပါသည်။

          ဒုတိယရှေ့နေချုပ် ဉီးဝင်းမြင့်သည် အစည်းအဝေးတက်ရောက်နေစဉ် ကာလအတွင်း ထိုင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Jumpon Phansumrit နှင့် သီးခြားတွေ့ဆုံ၍ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီ ပေးရေးနှင့် စပ်လျဉ်း၍ မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံများရှိ ဥပဒေအရာရှိများအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

                                                                       (သတင်းစဉ်)