ဥပဒေအရာရှိအဆင့်- ၃ မွမ်းမံသင်တန်း အမှတ်စဉ်(၃၀) သင်တန်းဆင်းပွဲ အခမ်းအနား

နေပြည်တော်၊   ဧပြီ   ၁၂

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအရာရှိအဆင့်- ၃ မွမ်းမံသင်တန်း အမှတ်စဉ်(၃၀) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

           ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ဥပဒေအရာရှိများအနေဖြင့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေနှင့်အညီ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားစွာဖြင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ရရှိသော လုပ်ငန်းဆိုင်ရာအတွေ့အကြုံ ဗဟုသုတများကို အခြေခံ၍ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဥပဒေအရာရှိများသည် တရားလို၏ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဥပဒေဘောင်အတွင်းမှ ဖြေရှင်း ပေးရသည့်နည်းတူ စွပ်စွဲခံသူ၏ ဥပဒေဆိုင်ရာအခွင့်အရေးများ မဆုံးရှုံးစေရန်ကိုလည်း အလေးထား ရမည်ဖြစ်ကြောင်း၊ ဥပဒေများကို နှံ့စပ်ကျွမ်းကျင်ရန် အမြဲလေ့လာ ဆည်းပူးရမည်ဖြစ်ပြီး ဥပဒေ အရာရှိကျင့်ဝတ်၊ ဝန်ထမ်းစည်းကမ်းတို့နှင့်အညီ ကိုယ်ကျင့်တရား ကောင်းမွန်စွာ ပြုမူနေထိုင်          ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အရည်အချင်းနှင့် အသွင်သဏ္ဍာန် ပြည့်ဝကောင်းမွန်သော ဥပဒေအရာရှိ များဖြစ်လာရန် အစဉ်ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

          သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူ ၃၁ ဦးတို့    တက်ရောက်ခဲ့ကြပါသည်။                                                                                                            

                                                                                                                              (သတင်းစဉ်)