ပြည်ထောင်စုရှေ့နေချုပ်သည် သြစတြေးလျနိုင်ငံ သံအမတ်ကြီး Ms. Andrea Faulkner အား လက်ခံတွေ့ဆုံ

နေပြည်တော်၊   ဧပြီ   ၄

       ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် သြစတြေးလျနိုင်ငံ သံအမတ်ကြီး       Ms. Andrea Faulkner နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် ဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူ လက်လှမ်းမီရေးအတွက်  ပြည်ထောင်စုရှေ့နေချုပ်ရုံး Website တွင် မြန်မာနိုင်ငံ ဥပဒေသတင်း အချက်အလက်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံ ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေးအတွက် သြစတြေးလျနိုင်ငံ၏ ပံ့ပိုးကူညီဆောင်ရွက်မှုများ၊ သြစတြေးလျနိုင်ငံ ပညာသင်ဆုဖြင့် ဥပဒေအရာရှိများ စေလွှတ်လျက်ရှိသည့် အစီအစဉ်များနှင့် ဥပဒေကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။

       အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြ သော ဒေါ်ခင်ချိုအုန်းနှင့် ဒေါက်တာဆွေဆွေအောင် တို့ တက်ရောက်ခဲ့ကြပါသည်။

                                                                                                  (သတင်းစဉ်)