ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်း ဥပဒေများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊   ဧပြီ   ၃

       ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အမေရိကန်နိုင်ငံအခြေစိုက် Duane Morris & Selvam LLP တို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်း ဥပဒေများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်၊ Kempinski Hotel ၌ ယနေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက် အမှာစကားပြောကြား ခဲ့ပါသည်။

        ထိုသို့ အမှာစကားပြောကြားရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်း ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအတွက် များစွာအလားအလာ ရှိသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း ဖြစ်ထွန်းလာ ရေးကို အလေးထား ဆောင်ရွက်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေတို့ကို နိုင်ငံတကာ ကျင့်သုံးမှုများနှင့် လိုက်လျောညီထွေစွာ ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေးအတွက်  အနုညာတ စီရင်ဆုံးဖြတ်ရေး ဥပဒေပြဋ္ဌာန်းခြင်း၊ New York Convention သို့ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် အတွေ့အကြုံ ဗဟုသုတများ တိုးပွားစေပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ ဥပဒေများကို ထိရောက်စွာ ကျင့်သုံးဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ ပါကြောင်း ပြောကြားခဲ့ပါသည်။

       အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် Duane Morris & Selvam LLP မှ Mrs. Arafat Selvam ၊ Managing Director Mr. Krishna Ramachandra ၊ ပြည်ထောင်စုရှေ့နေချုပ်(ငြိမ်း) ဒေါက်တာထွန်းရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

                                                                                                                                                         (သတင်းစဉ်)