ပြည်ထောင်စုရှေ့နေချုပ်သည် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Mr. Hiroyuki TSUJI နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် ၂၆

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Mr. Hiroyuki TSUJI နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ညနေ ၁၆:၃၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဥပဒေရေးရာကဏ္ဍနှင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆိုင်ရာလုပ်ငန်းများ၊ ဥပဒေ အရာရှိများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည့် ဥပဒေရေးရာ သင်တန်းများ၊ ဥပဒေမူဘောင်များ တိုးတက်ကောင်းမွန်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ဥပဒေအသိပညာပြန့်ပွားရေးကို အထောက်အကူဖြစ်စေသည့် မြန်မာနိုင်ငံ ဥပဒေသတင်းအချက်အလက်စနစ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ဥပဒေရေးရာအဖွဲ့အစည်းများအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းများကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာသီတာဦး နှင့် ဒေါက်တာဆွေဆွေအောင် တို့ တက်ရောက်ခဲ့ကြပါသည်။

                                                                                                (သတင်းစဉ်)