စင်ကာပူ-မြန်မာ ဥပဒေရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် တတိယ အကြိမ်မြောက် ပူးတွဲကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်၊  မတ်  ၂၅

       စင်ကာပူ-မြန်မာဥပဒေရေးရာ ပူးပေါင်းဖလှယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၏ တတိယအကြိမ်မြောက် ပူးတွဲ ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် စင်ကာပူနိုင်ငံ၊ ဥပဒေရေးရာဝန်ကြီးဌာန Senior Minister of State ဖြစ်သူ H.E. Mr. Edwin Tong တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။

       အစည်းအဝေးတွင် စင်ကာပူနှင့် မြန်မာနိုင်ငံတို့အကြား ဥပဒေရေးရာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာရန် ရည်ရွယ်၍နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂၀၁၄ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံဥပဒေကဏ္ဍဖွံ့ဖြိုးရေးအတွက် စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီး ဌာနနှင့် ရှေ့နေချုပ်ရုံးတို့က သင်တန်းနှင့်အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပနိုင်ခဲ့ကြောင်း၊ ယင်းတို့ တွင် ဥပဒေရေးဆွဲခြင်း၊ ဥပဒေဘာသာပြန်ဆိုခြင်း၊ Legal English ၊ အပြည်ပြည်ဆိုင်ရာစေ့စပ် ညှိနှိုင်းခြင်း၊ တီထွင်မှုမူပိုင်ခွင့်၊ အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ ဘာသာရပ်များပါဝင်ကြောင်း၊  ဥပဒေအရာရှိ  ၅ ဦးကို စင်ကာပူနိုင်ငံ ရှေ့နေချုပ်ရုံးတွင် တွဲဖက်၍ စာတွေ့ လက်တွေ့လုပ်ငန်းများ သင်ကြားလေ့လာ စေခဲ့ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေစိစစ်ရေးလုပ်ငန်းများနှင့် တရားစွဲနှင့်အမှုလိုက်လုပ်ငန်းများအတွက် အတွေ့အကြုံကောင်း များရရှိခဲ့ကြောင်း၊ ဥပဒေဘာသာ ပြန်ဆိုခြင်း၊  အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတို့နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများ၊ ဥပဒေအရာရှိများအား စာတွေ့လက်တွေ့ တွဲဖက် လေ့ကျင့်မည့် အစီအစဉ်များကို ၂၀၁၉-၂၀၂၀ ကာလအတွင်း တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဥပဒေမူဘောင်များ တိုးတက်ကောင်းမွန်ခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့ကို အထောက်အကူဖြစ်စေကြောင်း၊ မြန်မာနိုင်ငံဥပဒေကဏ္ဍ ပြုပြင် ပြောင်းလဲရေးတွင် ပိုမို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

       အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊စင်ကာပူဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

 (သတင်းစဉ်)