ပြည်ထောင်စုရှေ့နေချုပ်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Christine Schraner Burgener အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် ၂၅

             ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၅:၁၅ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

       ထိုသို့ တွေ့ဆုံရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများ၊ တရားဥပဒေ စိုးမိုးမှု တိုးတက်ကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အမုန်းစကား မပြန့်ပွားရေးတို့နှင့် သက်ဆိုင်သည့် ဥပဒေမူဘောင်များ၊ မြေယာပြဿနာများကို ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

       အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါ်ခင်ချိုအုန်းနှင့် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြ ပါသည်။

(သတင်းစဉ်)