ကမ္ဘာ့နိုင်ငံအားလုံးမှ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review − UPR) ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊    မတ်    ၈

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး  ဦးဆောင်သည့် ကမ္ဘာ့နိုင်ငံအားလုံးမှ လူ့အခွင့် အရေး အခြေအနေ ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်(Universal Periodic Review − UPR) ဆိုင်ရာ အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော်ရေးနှင့် အစီရင်ခံစာ ရေးသားပြုစု တင်ပြနိုင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ပါသည်။

      အဆိုပါ အစည်းအဝေးပွဲ၌  ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် Universal Periodic Review(UPR)သည် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေ ကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် အမှတ်(၆၅/၂၅၁)အရ ဆောင်ရွက်ရသော လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ဒုတိယ အကျော့(Second Cycle) သုံးသပ်မှု ခံယူခဲ့စဉ်က အဖွဲ့ဝင် နိုင်ငံပေါင်း ၉၃ နိုင်ငံမှ  အကြံပြု တိုက်တွန်းချက်ပေါင်း (၂၈၁)ချက်အနက်  အကြံပြုချက် (၁၆၆)ချက်ကို လက်ခံခဲ့ပါကြောင်း၊ Universal Periodic Review(UPR) အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီကို ဖွဲ့စည်းထားပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကဏ္ဍ(၁၂)ရပ် သတ်မှတ်ထားပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် တင်ပြမည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ ရေးသားပြုစုရာတွင် ယခုလုပ်ငန်းကော်မတီသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များဆိုင်ရာ အကြံပြုချက် ၁၉ ချက်အပေါ် လေ့လာ တင်ပြရမည်ဖြစ်ပါကြောင်း၊ အစီရင်ခံစာတွင် မြန်မာ နိုင်ငံ၏ တိုးတက်ဖြစ်ပေါ်မှုများကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ယခုအစည်းအဝေးတွင် ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေး ပေးကြရန် ပြောကြားခဲ့ပသည်။

             တက်ရောက်လာကြသည့် ဌာန အဖွဲ့အစည်း အသီးသီးက အစီရင်ခံစာပြုစုရာတွင် ပါဝင် သင့်သည့်အကြောင်းအရာများ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ဆွေးနွေးတင်ပြကြပါသည်။

          အဆိုပါ အစည်းအဝေးသို့  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ အစိုးရဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေး ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

                                                                                                       (သတင်းစဉ်)