ပြည်ထောင်စုရှေ့နေချုပ်သည် ဗြိတိန်သံရုံးမှ စီးပွားရေးရာ ဌာနမှူး Ms. Claire Kirkham နှင့် PWC Consortium မှ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် Mr. Nicolas Le Moignan တို့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊   မတ်   ၆

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် ဗြိတိန်သံရုံးမှ စီးပွားရေးရာ ဌာနမှူး Ms. Claire Kirkham နှင့် PWC Consortium မှ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် Mr. Nicolas Le Moignan တို့ကို ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့ (APG)တွင် ၂၀၀၆ ခုနှစ်၌ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီးနောက် ငွေကြေးခဝါချမှု တိုက်ဖျက် ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF)၏ စံနှုန်းများ၊ အကြံပြုချက်များ နှင့်အညီ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက်နေမှုများ၊ ငွေကြေး ခဝါချမှုများကို အရေးယူဆောင်ရွက်ရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပါဝင်ဆောင်ရွက်ရသည့် လုပ်ငန်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ UK အစိုး၏ နည်းပညာဆိုင်ရာ အကူအညီပေးရေး အစီအစဉ်ကို အကောင်အထည်ဖော်နေသော PWC Consortium နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ တို့အကြား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊  ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြ သော ဒေါ်ခင်ချိုအုန်းနှင့် ဒေါက်တာသီတာဦးတို့  တက်ရောက်ခဲ့ကြပါသည်။

                                                                                                  (သတင်းစဉ်)