ပြည်ထောင်စုရှေ့နေချုပ်သည် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊  ဖေဖော်ဝါရီ   ၇

       ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၁၅:၃၀ နာရီအချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

        ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းရာတွင် လည်းကောင်း၊ ပြစ်မှုများကို တရားစွဲဆိုဆောင်ရွက်ရာတွင်လည်းကောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ပါဝင်လျက်ရှိပါကြောင်း၊ နိုင်ငံတကာကွန်ဗင်းရှင်းများနှင့်အညီ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေးဆိုင်ရာဥပဒေတစ်ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနက ရေးဆွဲ၍ လွှတ်တော်သို့ တင်ပြရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်သည့်မှုခင်းများကို တည်ဆဲပြစ်မှုဆိုင်ရာဥပဒေ၊ အထူးဥပဒေများဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ တို့အကြား ချုပ်ဆိုထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်တွင် အမျိုးသမီးများအပါအဝင် အရပ်သားများအား ကာကွယ်ပေးခြင်းနှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များ ပါရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး ဆိုင်ရာ ပူးတွဲကြေညာချက်တစ်ရပ်ကို ၇-၁၂-၂၀၁၈ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရနှင့် လက်မှတ်ရေးထိုးထားပါကြောင်း၊  ပူးတွဲကြေညာချက်ပါ လုပ်ငန်းများကို အကောင်အထည် ဖော်နိုင်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဥပဒေများ ပြည့်စုံ ကောင်းမွန်စေရန် သုံးသပ်အကြံပြုခြင်း၊ တရားစွဲဆို အရေးယူသည့် လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သူများကို သင်တန်းများ ပို့ချခြင်းတို့တွင် ပံ့ပိုးကူညီမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

       အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် ညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဒေါ်ခင်ချိုအုန်း၊ ဒေါက်တာသီတာဦးတို့  တက်ရောက်ခဲ့ ကြပါသည်။

                                     (သတင်းစဉ်)