ပြည်ထောင်စုရှေ့နေချုပ် ကိုယ်စား ဒုတိယရှေ့နေချုပ်သည် UNDP ရုံးချုပ်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကြီးတန်းအကြံပေးအရာရှိ Mr. Euy Whan Kim နှင့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၄

ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် သည် UNDP ရုံးချုပ်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကြီးတန်းအကြံပေးအရာရှိ Mr. Euy Whan Kim နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၁၅:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် များစွာ ဆက်စပ်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် မူဝါဒ၊ နည်းစနစ် အပါအဝင် ရုပ်ပိုင်းဆိုင်ရာအခြေခံ ပံ့ပိုးနိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ ခံယူချက် ပြုပြင်နိုင်မှုတို့သည် အရေးကြီးပါကြောင်း၊ ကြိုတင်ကာကွယ်တားဆီးသည့်လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ရန် လိုအပ်ပါကြောင်း၊ UNDP က ကြီးမှူးကျင်းပသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံတွင် ကောင်းမွန်သည့်မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ကို ဖော်ဆောင် နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါ်ခင်ချိုအုန်း၊ ဒေါက်တာဆွေဆွေအောင် တို့  တက်ရောက်ခဲ့ကြပါသည်။

                                                                                                (သတင်းစဉ်)