ပြည်ထောင်စုရှေ့နေချုပ်သည် ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်များ) လုပ်ငန်းဝင် သင်တန်း အမှတ်စဉ်(၁/၂၀၁၈) သင်တန်းဆင်းပွဲသို့ တက်ရောက်၍ အမှာစကားပြောကြား

နေပြည်တော်၊  ဒီဇင်ဘာ  ၅

ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်များ) လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၃:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေ ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ဥပဒေအရာရှိများအဖြစ် တာဝန်ထမ်းဆောင်ကြသည့်အခါ စိတ်ဓာတ်၊ ခံယူချက်များ မှန်ကန်ကောင်းမွန်ရန် လိုအပ် ကြောင်း၊ ဝန်ထမ်း ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေအရာရှိ ကျင့်ဝတ်တို့ကို လေးစား လိုက်နာ၍ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ရှေးရှု၍ အများပြည်သူ၏ ဥပဒေဆိုင်ရာ အခွင့်အရေးများကို  ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရိုးသားမှုကို အခြေခံ ပြီး ဘက်လိုက်မှုကင်းစွာဖြင့် ဥပဒေအရာတွင် အာလုံးတန်းတူညီမျှ အခွင့်အရေးရရှိ စေရန်အတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အရည်အ​သွေး မြင့်မားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အရာရှိများအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာ လုပ်ငန်းများတွင် မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာ ကျင့်သုံး၍ တရားမျှတမှုကို ဓမ္မဓိဌာန်ကျကျ ဖော်ဆောင်ရမည်ဖြစ်ပြီး တရားစီရင်ရေးစနစ် အပေါ် အများပြည်သူ ယုံကြည်ကိုးစားမှုရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရည်အချင်းရှိ သော ဥပဒေအရာရှိများဖြစ်ရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးရမည်ဖြစ်ကြောင်း၊ မိမိတို့ တတ်ကျွမ်းသော ဥပဒေပညာဖြင့် အများအကျိုးကို သယ်ပိုးဆောင်ရွက်ပေးနိုင်သော ဥပဒေ အရာရှိကောင်းများ ဖြစ်ရန် ကြိုးပမ်းကြ ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာ ကြားခဲ့ပါသည်။

ဆက်လက်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် အရာ ထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် ၇၈ တွင် စံပြဆု ရရှိသော သင်တန်းသူ ဒေါ်ခိုင်ဇင်သက် နှင့် လုပ်ငန်းဝင်သင်တန်းတွင် ထူးချွန်ဆုများ ရရှိသည့် သင်တန်းသူ၊ သင်တန်းသားများကို ဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်း ဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူ (၁၄၉)ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

                                                                                                 (သတင်းစဉ်)