တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် စတုတ္ထအကြိမ် ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၆

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. Mr. John Nielsen တို့ ပူးတွဲသဘာတိအဖြစ် ဆောင်ရွက်သော တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် စတုတ္ထအကြိမ် ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ပါသည်။

          ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့အကြား တရားဥပဒေစိုးမိုးရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ နားလည်မှုသဘောတူစာချွန်လွှာ (MoU) တစ်ရပ်ကို ၁-၁၂-၂၀၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်စဉ်လုပ်ငန်းအစီအစဉ်များကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာ၌ တရား ဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ မဟာဗျူဟာ စီမံကိန်းမူကြမ်းကို ရေးဆွဲပြီးဖြစ်ပါကြောင်း၊ အဆိုပါမူကြမ်းအပေါ် သက်ဆိုင်ရာ အဖွဲ့အစည်း များထံမှ အကြံပြုချက်များ ရရှိပြီးပါက မကြာမီ အပြီးသတ်ပြုစုထုတ်ပြန်နိုင်မည် ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာများ တိုးတက်လာစေရန်အတွက် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ICESCR) ကို အကောင်အထည် ဖော်ခြင်းနှင့်စပ်လျဉ်း၍ လေ့လာသုတေသနပြုခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဒိန်းမတ်နိုင်ငံ၏ တရားစီရင်ရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း များကို လေ့လာခွင့်ရခဲ့၍ များစွာအကျိုးရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးဆိုင်ရာများ တိုးတက်လာစေရေးနှင့် ဥပဒေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒိန်းမတ်နိုင်ငံ သံရုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အစည်းအဝေး တွင် ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များကို အသေးစိတ်ညှိနှိုင်း အတည်ပြုခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဒိန်းမတ်နိုင်ငံသံရုံးနှင့် အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များ ကော်မရှင် (ICJ) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

                                                                                                (သတင်းစဉ်)