ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နို၀င်ဘာလ ၁၅

 

 

     ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁၂:၃၀)နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်အစိုးရသည် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမို ကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့ကို မူဝါဒချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒများ အောင်မြင်ရေးအတွက် ဥပဒေရုံးများအနေဖြင့် အပြည့် အဝ အထောက်အကူပြု ကြရန်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ အနေဖြင့် အစိုးရအဖွဲ့ဝင်များ ဖြစ်သည့်အားလျော်စွာ သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ အစိုးရ ဌာန အဖွဲ့အစည်းများကို ဥပဒေနှင့်အညီ အကြံပြုကြရန် လိုပါကြောင်း၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်တို့၏ အကြံပေးလုပ်ငန်းများနှင့် အမှုလိုက်လုပ်ငန်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဂရုစိုက်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အမှုလိုက်လုပ်ငန်း များတွင် ဥပဒေနှင့်အညီ အကြံပေးနိုင်ရေးအတွက် ရဲစက္ကူ၊ အမှုတွဲများကို သေချာစွာ ဖတ်ရှုစေရေး၊ အမှုနှင့်သက်ဆိုင်သည့် ဥပဒေများကို ပြည့်ပြည့်စုံစုံ လေ့လာစေရေး၊ တရားရုံး ကို တင်ပြကြရာတွင် အဓိကသက်သေခံချက် အထောက်အထား၊ ငြိစွန်းသည့် ဥပဒေ၊ စီရင်ထုံးများဖြင့် ပြည့်ပြည့်စုံစုံ တင်ပြစေရေး၊ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် ဥပဒေ နှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်စေရေး၊ အများနှင့်ဆက်ဆံရာတွင် ပြေပြစ်စွာ ပြုမူ ပြောဆိုစေရေး၊ ရုံးချိန်းမပျက်ကွက်စေရေး၊ အယူခံမှု၊ ပြင်ဆင်မှုများ တင်သွင်းရာတွင် ကာလစည်းကမ်းသတ် မကျော်စေရေးတို့အတွက် အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေအရာရှိကျင့်ဝတ်၊ မျှတသော တရားစီရင်ရေး ဆိုင်ရာစံနှုန်းများကို အလေးထား လိုက်နာ၍ အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရား ဥပဒေစိုးမိုးရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး website တွင် လွှင့်တင် ထားသည့် မြန်မာနိုင်ငံ ဥပဒေသတင်း အချက်အလက်စနစ်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များက ထုတ်ပြန်သည့် ဥပဒေဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တပြေးညီ ပေးပို့တင်ပြရန် လိုအပ်ကြောင်း၊ အများပြည်သူ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် ပေးနိုင်ရေးအတွက် ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများသည် တရားမျှတမှုရှိပြီး ဘက်လိုက် မှုကင်းသည့်၊ ဥပဒေနှင့်အညီ ဆောင်ရွက်သည့်၊ အရည်အချင်း ပြည့်ဝသည့် ဝန်ထမ်း ကောင်းများဖြစ်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြား ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၆-၁၁-၂၀၁၈ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပါသည်။ အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ တက်ရောက် ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)