တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (၆) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၉

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ (၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်၊ အမရာ ဟိုတယ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရာမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားရာ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတော်က အလေးထားဆောင်ရွက်နေပြီး သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရားလွှတ်တော်ရှေ့နေတို့ ပါဝင်ဆွေးနွေးခဲ့သည့် တရားဥပဒေစိုးမိုးရေး စကားဝိုင်းများကို မကြာမီက ထုတ်လွှင့်ခဲ့ပါကြောင်း၊ တရားဥပဒေစိုးမိုး ရေးကို ပိုမိုအထောက်အကူပြုနိုင်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေးတို့အတွက် မဟာဗျူဟာတစ်ရပ် ရေးဆွဲနိုင်ရန် ရည်ရွယ်ပြီး ၂၀၁၈ ခုနှစ်၊ မတ်လက ကျင်းပခဲ့သည့် တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံ တွင် ပန်းတိုင် ၄ ရပ်၊ အကြောင်းအရာ ၆ ရပ်ဖြင့် ဆွေးနွေးခဲ့ကြပါကြောင်း၊ ဆွေးနွေးပွဲမှ ရရှိသည့် အကြံပြုချက် များနှင့်အညီ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ မဟာဗျူဟာ စီမံကိန်း(၂၀၁၈-၂၀၂၂)ကို ပြုစုခဲ့ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် အဆိုပါ မဟာဗျူဟာစီမံကိန်း မူကြမ်းကို အတည်ပြု သွားမည်ဖြစ်ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်းရေအဖွဲ့နှင့် အဖွဲ့ခွဲများ၏ လုပ်ငန်းတာဝန်များကို လုပ်ငန်း အခြေအနေနှင့် လျော်ညီမှုရှိစေရန် အတွက်လည်း ပြန်လည်သုံးသပ်သွားမည် ဖြစ်ပါကြောင်း၊ အဖွဲ့ခွဲများ ဖွဲ့စည်း ဆောင်ရွက်ခဲ့သည့် ၁ နှစ်ကျော် ကာလအတွင်း အများပြည်သူ တင်ပြမှုပေါင်း ၇၅၀ ခန့် လက်ခံရရှိ ခဲ့ပါကြောင်း၊ တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ အကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင် ခဲ့ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲများ၏ လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်အောင်မြင်လာသည်ကို တွေ့ရှိရပါကြောင်း၊ လုပ်ငန်းများ ထိရောက် အောင်မြင်ရေးအတွက် သက်ဆိုင်သည့် ဌာနအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း များအားလုံးက ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက် ပေး ကြစေလိုပါကြောင်း ဆွေးနွေး မှာကြားခဲ့ပါသည်။ တက်ရောက် လာကြသူများက မဟာဗျူဟာ စီမံကိန်း အတည်ပြုခြင်း၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အဖွဲ့ခွဲများ၏ လုပ်ငန်းဆောင်ရွက်မှု များကို သုံးသပ်ခြင်း၊ လုပ်ငန်းအတွေ့အကြုံများ မျှဝေခြင်း၊ လုပ်ငန်းများ ထိရောက်​အောင်မြင်ရေး အတွက် လိုအပ်သည်များကို ဆွေးနွေးခြင်း၊ ဆက်လက် အကောင်အထည် ဖော်သင့်သည့် လုပ်ငန်းများ သတ်မှတ်ခြင်း စသည်တို့အပေါ် ဆွေးနွေးအကြံပြု ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့  တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ​ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အကြံပေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

                       (သတင်းစဉ်)