လာအိုနိုင်ငံတွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများအစည်းအဝေးသို့ ဒုတိယရှေ့နေချုပ် တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ ၁၅

ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် လာအိုနိုင်ငံ၊ ဗီယင်ကျင်းမြို့၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် “၁၀ ကြိမ်မြောက် အာဆီယံဥပဒေရေးရာ ဝန်ကြီးများအစည်းအဝေး” သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ တရားရေးဝန်ကြီးများ၊ ဥပဒေရေးရာဝန်ကြီးများ၊ ရှေ့နေချုပ်များ၊ ဒုတိယရှေ့နေချုပ်များ၊ အာဆီယံ ဥပဒေရေးရာ အဆင့်မြင့်အရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Dr. Bounthong Chitmany က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးကို ဆက်လက် ကျင်းပရာ လာအိုနိုင်ငံ တရားရေးဝန်ကြီး H.E Mr Saysy Santivong က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အသီးသီး ဆွေးနွေးတင်ပြခဲ့ကြ ပါသည်။

မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ဆွေးနွေး တင်ပြရာ ၁၀ ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေးကို လက်ခံကျင်းပပေးသည့် အိမ်ရှင် လာအိုနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေးအားလုံးသို့ တက်ရောက်၍ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကူးပြောင်းကျင့်သုံးလျက်ရှိရာ တည်ဆဲဥပဒေများကို ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်စေရန် ဥပဒေပြုအဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေပြုကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကနဦးရေးဆွဲသည့် ဥပဒေမူကြမ်းများအပေါ် စိစစ်အကြံပြုရပါကြောင်း၊ လိုအပ်ပါက သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးကြရပါကြောင်း၊ ၀န်ကြီးဌာနများက ဥပဒေမူကြမ်းကို နိုင်ငံတော် အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် လွှတ်တော်သို့ တင်ပြရပါကြောင်း၊ လွှတ်တော် ဥပဒေကြမ်းကော်မတီ က ဥပဒေမူကြမ်းကို လေ့လာရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဖိတ်ကြားလာပါက တက်ရောက် ဆွေးနွေးရပါကြောင်း၊ ယခုအခါတွင် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ လက်နက်ရောင်းဝယ်မှု၊ ဆိုက်ဘာမှုခင်းစသည့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုးပွားလာပါကြောင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများကို နိုင်ငံအချင်းချင်းအကြား ဥပဒေရေးရာအဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိရောက်စွာ တိုက်ဖျက်ကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာ မိသားစုဝင်ဖြစ်သည့်အားလျော်စွာ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးအတွက် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်လာရေး အတွက် နိုင်ငံတကာနှင့် ဒေသတွင်း စာချုပ်များကို လက်ခံပါဝင်ခဲ့ပါကြောင်း၊ Convention against Transnational Organized Crimes ကို ၃၁-၃-၂၀၀၄ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါကြောင်း၊ ASEAN Mutual Legal Assistance Treaty ကို ၂၀၀၉ ခုနှစ်တွင် အတည်ပြုပါဝင်ခဲ့ပါကြောင်း၊ ပြည်တွင်းဥပဒေများအဖြစ် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်းအကူအညီပေးရေးဥပဒေကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ ခုနှစ်တွင် လည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်  ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့ကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ တရားခံလွှဲပြောင်းရေးဥပဒေကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း အသီးသီး ပြဌာန်းခဲ့ပါကြောင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်လာရေးအတွက် မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက် နေပါကြောင်း၊ မှုခင်းများတိုက်ဖျက်ရေး၊ လုံခြုံဘေးကင်းသည့် အာဆီယံ အသိုက်အဝန်းဖြစ်စေရေး တို့အတွက် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် Treaty on Mutual Legal Assistance in Criminal Matters (MLAT) ကို ASEAN Treaty အဖြစ် သတ်မှတ်ဆောင်ရွက်မှုကို ကြိုဆိုခြင်း၊ Model ASEAN Extradition Treaty မူကြမ်းကို အတည်ပြုခြင်း၊ ASEAN Dialogue Partners နှင့် External Parties တို့နှင့် ဆွေးနွေးဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ ရှာဖွေရန် သဘောတူခြင်း၊ အာဆီယံ ဥပဒေရေးရာ အဆင့်မြင့်အရာရှိများ၏ လုပ်ငန်းများကို သုံးသပ်ခြင်း၊ အာဆီယံ ဥပဒေရေးရာ အဆင့်မြင့်အရာရှိများ၏ ၁၇ ကြိမ်နှင့် ၁၈ ကြိမ်မြောက် အစည်းအဝေးအစီရင်ခံစာများကို အတည်ပြုခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

အာဆီယံဥပဒေရေးရာ ဝန်ကြီးများအစည်းအဝေးကို သုံးနှစ်လျှင် တစ်ကြိမ် ကျင်းပလျက်ရှိရာ ၁၁ ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၁ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ လည်းကောင်း၊ ၁၂ ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လည်းကောင်း ဆက်လက် ကျင်းပသွားမည် ဖြစ်ပါသည်။ အလားတူ အာဆီယံ ဥပဒေရေးရာ အဆင့်မြင့်အရာရှိများအစည်းအဝေးကို ၁၈ လလျှင် တစ်ကြိမ် ကျင်းပလျက်ရှိရာ ၁၉ ကြိမ်မြောက် အာဆီယံ ဥပဒေရေးရာ အဆင့်မြင့်အရာရှိများအစည်း အဝေးကို ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပမည်ဖြစ်ပါသည်။

ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် အစည်းအဝေးတက်ရောက်စဉ်ကာလအတွင်း စင်ကာပူနိုင်ငံ ဒုတိယရှေ့နေချုပ် H.E Mr. Lionel Yee နှင့် သီးခြားတွေ့ဆုံ၍ ဥပဒေကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ရှေ့နေချုပ်ရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများတွင် စေ့စပ်ညှိနှိုင်းဖြေရှင်းသည့်နည်းလမ်း ကျင့်သုံးမှုဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်း စသည်တို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

 သတင်းစဉ်