ပြည်ထောင်စုရှေ့နေချုပ်သည် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Daniel Patrick Chugg အား လက်ခံတွေ့ဆုံ

နေပြည်တော်၊  သြဂုတ်  ၉

          ပြည်ထောင်စုရှေ့နေချုပ်  ဦးထွန်းထွန်းဦးသည် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr.   Daniel Patrick Chugg အား ယနေ့ နံနက် ၁၀:၄၅ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် တရားဥပဒေ စိုးမိုးမှုတိုးတက် ကောင်းမွန်ရေး၊ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးရေးအတွက် အင်္ဂလိပ်စာ သင်တန်းနှင့် ပညာသင်များ စေလွှတ်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ဗြိတိသျှကောင်စီ၏ MyJustice Program ဖြင့် ဆောင်ရွက်နေသော ဥပဒေအထောက်အကူ ပေးရေးဆိုင်ရာလုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒီမိုကရေစီ စနစ်ကူးပြောင်းမှု လုပ်ငန်းစဉ်နှင့် သတင်းမီဒီယာ ကဏ္ဍ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးမင်းဆွေနှင့် ဒေါက်တာ သီတာဦး တို့ တက်ရောက်ခဲ့ကြ ပါသည်။

                                                                                             (သတင်းစဉ်)