မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများလက်စွဲစာအုပ် တာချီလိတ်၌ ရှင်းလင်းဆွေးနွေး

တာချီလိတ် ဇွန် ၂၇

 

ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပြုစုထုတ်ပြန်ခဲ့သည့် မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများလက်စွဲစာအုပ်Fair Trial Standards Guide book နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲကို ဇွန် ၂၆ ရက် မွန်းလွဲပိုင်း က တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ဟိုတယ်(တာချီလိတ်)၌ ကျင်းပသည်။

ရှမ်းပြည်နယ် ဥပဒေချုပ် ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က အမှတ်တရ စကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ တရားစွဲနှင့် အမှုလိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများလက်စွဲစာအုပ် ထုတ်ဝေခြင်း၏ ရည်ရွယ်ချက်များ၊ စာအုပ်ထုတ်ဝေရာတွင် ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် အပြည်ပြည်ဆိုင်ရာဥပဒေ ဖွံ့ဖြိုးရေးအဖွဲ့အစည်း(IDLO) တို့ပါဝင်၍ မူကြမ်း ပြုစုဆောင်ရွက်ခဲ့မှုများ၊ စာအုပ်တွင် အဓိက အခြေခံသည့်အချက်များ၊ရာဇဝတ်တရားစီရင်ရေးဆိုင်ရာ မျှတသော တရားစီရင်ရေးစံနှုန်းများ၊ တရားစီရင်ရာတွင် ကျင့်သုံးရမည့် မျှတသောတရားစီရင်ရေး စံနှုန်းများစသည့် စာအုပ်ပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး ညွှန်ကြားရေးမှူးချုပ်က ရှမ်းပြည်နယ်ဥပဒေချုပ်ဦးတင်ဦးထံသို့ ယင်းလက်စွဲစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်း၊ ခရိုင်တရားသူကြီး ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာများ၊ တရားစွဲအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်ခရိုင်တို့ရှိ ခရိုင်ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ကြောင်း သိရသည်။

ဝေယံလင်း (ပြန်/ဆက်)

(သတင်းစဉ်)

Ref, The Mirror Daily