ပြည်ထောင်စုရှေ့နေချုပ်က ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတကာတရားမဥပဒေနှင့် စီးပွားရေးဥပဒေဆိုင်ရာ ဗဟိုဌာန၏ ဘုတ်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇွန် ၅

ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန လက်အောက်ရှိ လေ့ကျင့်ရေးနှင့်သုတေသန သင်တန်းကျောင်း၏ ဥက္ကဋ္ဌဟောင်း  နိုင်ငံတကာတရားမဥပဒေနှင့် စီးပွားရေးဥပဒေဆိုင်ရာ ဗဟိုဌာန၏ ဘုတ်အဖွဲ့ဝင် ဖြစ်သော Mr. Kunihiko SAKAI ၊ အာရှနှင့် ပစိဖိတ်ဒေသ ဥပဒေဆိုင်ရာ အဖွဲ့အစည်း၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr.Takeo KOSUGI နှင့်အဖွဲ့အား ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ တွင် လက်ခံတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ပါသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဥပဒေရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ဥပဒေအရာရှိများ ပညာသင်စေလွှတ်ရေးနှင့် အတွေ့အကြုံ ဖလှယ်ရေးအစီအစဉ် များကို ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာလုပ်ငန်းများ တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ဂျပန်အပြည်ပြည်ဆိုင်ရာနှင့် တရားမဥပဒေ၊ စီးပွားရေး ဆိုင်ရာ ဥပဒေစင်တာတို့ ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များကိစ္စ၊ ဂျပန်နိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်လုပ်ကိုင်နိုင်ရေးကိစ္စရပ်များ၊ အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း ဆိုင်ရာ သင်တန်းများ ပို့ချပေးရေးကိစ္စအား နှစ်ဖက်ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးကြ ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင် တို့လည်း တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

                       (သတင်းစဉ်)