ပြည်ထောင်စုရှေ့နေချုပ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မေ ၂၈

ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Virginia Gamba နှင့်အဖွဲ့အား ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပါသည်။

ယင်းသို့ လက်ခံတွေ့ဆုံဆွေးနွေးရာတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းနိုင်ရေးကိစ္စ၊ လက်နက်ပဋိပက္ခကြောင့် ထိခိုက်နစ်နာသော ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးကိစ္စ၊ ကလေးသူငယ် အခွင့်အရေးများအပေါ် ဖောက်ဖျက်ကျူးလွန်သူများကို ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေးကိစ္စ၊ ကလေးသူငယ် များ ၏ အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲစာချုပ်ကို အတည်ပြုနိုင်ရေးကိစ္စ၊ ကလေးသူငယ် အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံတို့ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို နှစ်ဖက်ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး ကြပါ သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်တို့လည်း တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

                       (သတင်းစဉ်)