ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေရုံးဝန်ထမ်းအိမ်ရာသစ်ဖွင့်လှစ်ပွဲ ကျင်းပ

ရန်ကုန် ၊ မေ ၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဥပဒေရုံးဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲကို မေလ ၅ ရက် နံနက် ၈ နာရီတွင် အဆိုပါဥပဒေရုံးဝင်းအတွင်း၌  ကျင်းပရာ  ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးဥပဒေချုပ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကျောက်ပြားအား အမွှေးနံ့သာ ရည်များပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဝန်ထမ်းအိမ်ရာဖွင့်လှစ် ပေးနိုင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

“အဓိကကတော့ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ဥပဒေရုံးတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဥပဒေအရာရှိတွေ နေရေးထိုင်ရေးအဆင်ပြေဖို့ ဆောက်လုပ်တာပါ။ ရန်ကုန်မှာလည်း တာဝန်ထမ်းဆောင်နေကြတဲ့ ဥပဒေအရာရှိတွေက များသောအားဖြင့် ရန်ကုန်ကမဟုတ်ဘူး။ နယ်အသီးသီးက နေဖြစ်ကြတာများပါတယ်။ အခုလို တာဝန်ကျလာတဲ့အပေါ်မှာ နေရေးအဆင်ပြေဖို့ ဒီအိမ်ရာတွေကို ဆောက်လုပ်ရတာပါ”ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေးကပြောသည်။

အဆိုပါ ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေ ရုံး ဝန်ထမ်းအိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးရန်ပုံငွေဖြင့် ဗိုလ်မင်းဗိုလ်ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ရာသည် လေးထပ် လေးခန်းတွဲဖြစ်ပြီး စုစုပေါင်း ၁၆ ခန်းပါရှိကာ ၁၄၄၁၆ စတုရန်းပေရှိကြောင်း၊ တစ်ခန်း လျှင် အကျယ် ၉၀ဝ စတုရန်းပေရှိပြီး အလျား ၁၀၆ ပေ၊ အနံ ၃၄ ပေ၊ အမြင့် ၄၅ ပေကျယ်သည်။ Master Part Room တစ်ခန်း၊ အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်း ပါရှိပြီး အခန်းတိုင်းတွင် အဲကွန်းတစ်ခု ပါရှိသည်။

ယင်းအိမ်ရာမှာ သံကူကွန်ကရစ် အဆောက်အအုံဖြစ်ပြီး ငွေကျပ် သိန်း ၃၉၀ဝ ကျော် အကုန်အကျခံတည်ဆောက်

ထားခြင်းဖြစ်သည်။၂၀၁၇ ခုနှစ် နိုဝင်ဘာလက စတင်ဆောက်လုပ်ခဲ့ပြီး တည်ဆောက်ချိန် ငါးလကြာမြင့်ကြောင်း သိရသည်။ ထိုအိမ်ရာတွင် လက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံး၌ တာဝန်ထမ်းဆောင်နေကြသော ဥပဒေအရာရှိဝန်ထမ်းများ၊ အခန်းများပိုလျှင် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း ၁၄ မြို့နယ် ဥပဒေရုံးမှ ဥပဒေအရာရှိများအား ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)