ပြည်ထောင်စုရှေ့နေချုပ်အား နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် အဖွဲ့လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊  မေ ၁၄

 

       ယနေ့ မွန်းလွဲ (၁၄:၀၀)နာရီအချိန်က ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည်  ရန်ကုန်မြို့ နော်ဝေနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms.Tone Tinnes နှင့်အဖွဲ့အား ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နော်ဝေနိုင်ငံတို့အကြား ပညာသင်ဆုနှင့် လူ့အခွင့် အရေးဆိုင်ရာ မဟာဥပဒေဘွဲ့သင်တန်းများသို့ ဥပဒေအရာရှိများစေလွှတ် တက်ရောက် နိုင်မှု အခြေအနေများ၊ ရေနံနှင့်စွမ်းအင်ကဏ္ဍ၊ ငါးလုပ်ငန်းတို့တွင် မြန်မာ-နော်ဝေ နှစ်နိုင်ငံအကြား စာချုပ်များတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ကူညီဆောင်ရွက်ပေးမှုများ၊ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် နေမှုများ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရခိုင်ဒေသ တည်ငြိမ်ဖွံ့ဖြိုးရေးကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းနယ်ပယ်များကို နှစ်ဖက်ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးကြပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယရှေ့နေချုပ် ဦးဝင်း မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေတို့လည်း တက်ရောက် ခဲ့ကြပါသည်။

(သတင်းစဉ်)