ပြည်ထောင်စုရှေ့နေချုပ်သည် ကိုရီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Lee Sang-hwa အား လက်ခံတွေ့ဆုံ

နေပြည်တော်၊  ဧပြီ ၁၀

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကိုရီးယားနိုင်ငံ သံအမတ်ကြီး H. E.  Mr. Lee Sang-hwa အား ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ၏ ကူညီမှုဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကိုရီးယားသမ္မတနိုင်ငံ ဥပဒေပြု ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံဥပဒေ သတင်းအချက် အလက်စနစ် (Myanmar Law Information System) တည်ထောင်ရေးစီမံကိန်းကို  ၂၀၁၈ ခုနှစ် ဇွန်လအတွင်း စတင်ထုတ်လွှင့်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တရားဥပဒေ စိုးမိုးမှု တိုးတက်ကောင်းမွန်လာရေးအတွက် ဥပဒေအသိပညာပေးလုပ်ငန်း၏ အရေးပါမှုနှင့် ဆောင်ရွက်မည့်အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးကိစ္စ၊ တရားစွဲနှင့်အမှုလိုက်လုပ်ငန်းများတွင် နည်းပညာဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အခြားဥပဒေရေးရာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည်တို့ကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။

         အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် နှင့် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေ တို့  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)