ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ်လ ၂၂

          ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉:၃၀) နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီ ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ အများပြည်သူအကျိုးကို ရှေးရှု၍ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုရရှိရေး၊ တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိပြီး ကောင်းမွန်သော ဥပဒေရေးရာ ဝန်ဆောင်မှုများ ပေးနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ဥပဒေ အရာရှိများအနေဖြင့် တရားစီရင်ရေး၏ အဖိုးတန်စံနှုန်းများကို လိုက်နာကျင့်သုံးလျက် တရားမျှတမှုကို အားလုံးလက်လှမ်းမီစေရေး၊ ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိရေး တို့ကို အမြဲအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို ရိုးသားစွာဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန်နှင့် အများပြည်သူက ယုံကြည်အားကိုး ရသော ဥပဒေအရာရှိကောင်းများ ဖြစ်စေရေးတို့အတွက် ကြိုးစားအားထုတ်ကြရန်နှင့် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ဦးစီးဌာန များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်ရုံးများက ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းများကို တင်ပြခြင်း၊ တွေ့ကြုံရသော အခက်အခဲများကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ဥပဒေများ စိစစ်အကြံပြုရာတွင် အထောက်အကူ ဖြစ်စေရေးအတွက် ဥပဒေရေးဆွဲရေး လမ်းညွှန်တစ်ရပ်ကို မကြာမီ ထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ ဥပဒေအရာရှိများအတွက် ဥပဒေ အရာရှိကျင့်ဝတ်နှင့်  မျှတသော တရားစီရင်ရေးစံနှုန်းများ စာအုပ်တို့ကို ထုတ်ဝေထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါကျင့်ဝတ်နှင့် စံနှုန်းများကို လိုက်နာ၍ ဥပဒေနှင့်အညီ အများ ပြည်သူ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေရုံးများအပေါ် အများပြည်သူ ယုံကြည်ကိုးစားမှု ရှိစေရန်အတွက် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အဂတိကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှု တိုးတက်ကောင်းမွန်လာရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာ ကြားခဲ့ပါသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၃-၂၀၁၈ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပါသည်။ အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေ အရာရှိများ စုစုပေါင်း (၁၃၆) ဦး တက်ရောက်ကြောင်း  သိရှိရပါသည်။

                                                                                                     (သတင်းစဉ်)