ပြည်ထောင်စုရှေ့နေချုပ်သည် The International Legal Foundation (ILF) အဖွဲ့မှ Executive Director ဖြစ်သူ Ms. Jennifer Smith အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ်လ ၉

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် The International Legal Foundation (ILF) အဖွဲ့မှ Executive Director ဖြစ်သူ Ms. Jennifer Smith အား ယနေ့မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ILF က ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြစ်မှုဆိုင်ရာ မှုခင်းများ၌ ဥပဒေရေးရာ အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သေဒဏ်ထိုက်သင့်သည့် ပြစ်မှုဖြင့် စွပ်စွဲခံရသည့် ဆင်းရဲနွမ်းပါးသူများ အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေငှားရမ်းပေးသည့် လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေရေးရာအထောက်အကူပေးရေးနှင့် စပ်လျဉ်း သည့် သင်တန်းများ အပါအဝင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ အမှုနှင့် သက်ဆိုင်သူ များ၏ ဥပဒေရေးရာ အခွင့်အရေးများအတွက် ဥပဒေအရာရှိများနှင့် ဥပဒေရေးရာ အထောက်အကူပေးသည့် ရှေ့နေများအကြား ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦး တို့  တက်ရောက်ခဲ့ပါသည်။

                                                                                              (သတင်းစဉ်)