နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်၊ မတ် ၇

 

 

 

 

 

တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားသည်။

ညီလာခံဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ဌာနဆိုင်ရာအကြီး အကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တရားသူကြီးချုပ်များ၊ တရားဥပဒေစိုးမိုး ရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အဖွဲ့ခွဲများမှ အဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညီလာခံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်းပြောကြားသည်။

ဆက်လက်၍ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုရှိရန်အတွက် မျှတသည့် ဥပဒေများရှိရမည်၊ ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော်ရမည်၊ ဥပဒေများကို အများပြည်သူက အလွယ်တကူ လေ့လာသိရှိနိုင်မည့် အခြေအနေများရှိရ မည်ဖြစ်ပါကြောင်း။

ထို့ပြင် ဥပဒေအရ စီမံဆောင်ရွက်ရာတွင် ဘက်လိုက်မှုကင်းရမည်၊ ဥပဒေအရ အားလုံးတန်းတူ အခွင့်အရေးရှိရမည်၊ ကျား မ၊ ဆင်းရဲ ချမ်းသာ၊ လုပ်ပိုင်ခွင့် ရှိခြင်း၊ မရှိ ခြင်းများအပေါ် ခွဲခြာဆက်ဆံမှုမရှိရန်၊ ဥပဒေကို အားလုံးကလေးစားလိုက်နာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများရှိရမည်၊ တစ်ဖက်ကလည်း လွတ်လပ်သည့် တရားစီရင် ရေးဖြစ်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မျှတသည့်တရားစီရင်မှုတွင် လွတ်လပ်ပြီး ဘက်လိုက်မှုကင်းစွာဖြင့် တရားသူကြီးက ဥပဒေအတိုုင်း ကျင့်သုံးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နိ်ုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရား ဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့သည် ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဧည့်သည်တော်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိ်ုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လှုပ်ရှားမှုဗီဒီယိုဖိုင်ကို ကြည့်ရှုကြပြီး ခန်းမအတွင်း၌ ပြသ ထားသည့် ညီလာခံအထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးညီလာခံကို ဆက်လက်ကျင်းပရာ Binghan Center မှ ဂုဏ်ထူးဆောင်ညွှန်ကြား ရေးမှူး Sir Jeffrey Jowell KCMG QC က တရားမျှတမှုကို ဆောင်ကြဉ်းပေးသော ဥပဒေစနစ်တည်ထောင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား အဆင့်ဖွံ့ဖြိုးမှုစီမံကိန်းဝန်ကြီးဌာနမှ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Dr. Diani Sadiawati က အင်ဒိုနီးရှား၏ ပထမဆုံးဖြစ်သော တရားမျှတမှုဆီသို့ ချဉ်းကပ်သည့်မဟာဗျူဟာ ရေးဆွဲခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေကော်မရှင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ် များက မြန်မာနိုင်ငံ၌ မဟာဗျူဟာစီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အောင်မြင်မှုများ၊ အဓိကကြိုးပမ်းအားထုတ်မှုများကို လည်းကောင်း၊ UNDP ၊ My Justice ၊ Justice Base ပညာအလင်းပွင့် မြန်မာ သုတေသနဖောင်ဒေးရှင်းတို့မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးအခြေအနေဆိုင်ရာ သုတေသနများကိုလည်းကောင်း ဆွေးနွေး ကြသည်။

ဆက်လက်၍ ညီလာခံအား ပံ့ပိုးကူညီမည့်သူများက ညီလာခံဒုတိယနေ့တွင် ဆွေးနွေးကြရမည့် ဥပဒေအသိပညာနှင့် ဥပဒေဆိုင်ရာတိုးတက်မှု၊ ကလေး သူငယ်များနှင့် ထိခိုက်လွယ်သော လူအုပ်စုများအတွက် တရားမျှတမှု၊ တရားမျှတမှု လက်လှမ်းမီရေးနှင့် ဥပဒေအထောက်အကူပေးရေး၊ တရားမျှတရေး ကဏ္ဍတွင် အမျိုးသမီးများ၏ ပါဝင်မှုမြှင့်တင်ရေး၊ ဥပဒေများပိုမိုအားကောင်း အသက်ဝင် လာစေရေးနှင့် မှုခင်းကာကွယ်တားဆီးရေး၊ တရားမျှတရေးဝန်ဆောင်မှုလုပ်ငန်းများ တွင် တာဝန်ခံနိုင်မှုနှင့် ထိရောက်မှုစသည့် ခေါင်းစဉ်များကို မိတ်ဆက်ပြောကြားကြပြီး ကြိုတင်လေ့လာနိုင်ရန် ဖြန့်ဝေပေးသည်။

အဆိုပါ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ မတ် ၈ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ref, Myanmar State Counsellor Office