ဆေးဝါးတု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကိစ္စရပ်များ ဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၇

 

          ပြည်ထောင်စုရှေ့နေချုပ် ကိုယ်စား ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Olivier Richard နှင့် နိုင်ငံတကာဆေးဝါးတု တိုက်ဖျက်ရေးသုတေသနဆိုင်ရာအဖွဲ့အစည်း (IRACM) ၏ ဥက္ကဋ္ဌ Ambassador Jean-David Levitte တို့အား ယနေ့မွန်းလွဲ ၁၄:၃၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ ဆေးဝါးတုများ၏ ဘေးအန္တရာယ်ကို ကြုံတွေ့နေရကြောင်း၊ ဆေးဝါးတု ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများကို ဖမ်းဆီးအရေးယူရာတွင် ထိရောက်ဟန့်တားနိုင်လောက်သည့် ဥပဒေမူဘောင်များ၊ ပြစ်ဒဏ်များ ရှိရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ပါဝင်လက်မှတ်ရေးထိုးထားပါကြောင်း၊ နိုင်ငံဖြတ်ကျော်၍ ဆေးဝါးတုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများကို ဒေသတွင်းနိုင်ငံ များနှင့် လက်တွဲတိုက်ဖျက်မည်ဖြစ်ပါကြောင်း၊ မကြာမီ ကျင်းပမည့် မဲခေါင်ဒေသနိုင်ငံများ အကြား ဆေးဝါးတုတိုက်ဖျက်ရေးဆိုင်ရာ ညီလာခံတွင် ဆေးဝါးတု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် မူဝါဒများ၊ ဥပဒေမူဘောင်များနှင့် အကောင်အထည်ဖော်မှုများကို ဆွေးနွေးဖလှယ်ကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသားဆေးဝါးဥပဒေကို ၁၉၉၂ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပြင်ဆင်သည့်ဥပဒေတစ်ရပ်ကို ပြဌာန်းထားပါကြောင်း၊ ခေတ်ကာလနှင့် လျော်ညီသည့် ဥပဒေများ ပေါ်ထွန်းလာရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆေးဝါးတုဆိုင်ရာမှုခင်းများနှင့် စပ်လျဉ်း၍ ဥပဒေအရာရှိများကို သင်တန်းများ ပို့ချပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းတို့လည်း တက်ရောက်ခဲ့ပါသည်။

                                                                                                (သတင်းစဉ်)