ပြည်ထောင်စုရှေ့နေချုပ်ရုံး အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

     ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

     ထိုသို့ အမှာစကားပြောကြားရာတွင် ဥပဒေအရာရှိများသည် တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများ အပြင် ဥပဒေရေးဆွဲခြင်းနှင့် စာချုပ်စာတမ်းများ စိစစ်ခြင်းတို့ကိုလည်း တတ်မြောက်ကျွမ်းကျင်ရန် လိုအပ် ပါကြောင်း၊ သင်တန်းတွင် ဥပဒေကြမ်းတစ်ရပ်ရေးဆွဲခြင်း၊ အကြံပြုပြန်ကြားခြင်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စာချုပ်စာတမ်းများတွင် ပါဝင်ရမည့်အချက်အလက်များနှင့် စိစစ်ရမည့်အခြေခံမူများ ကိုလည်းကောင်း စာတွေ့လက်တွေ့ လေ့လာသင်ကြားခဲ့ရသဖြင့် မိမိတို့၏ လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အမှုလိုက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အမိန့်၊ ညွှန်ကြားချက်များကို လေ့လာဆွေးနွေးခွင့်ရရှိခဲ့ကြပြီး အမှုများကို တရားမစွဲမီ ဥပဒေ အကြံဉာဏ်ပေးခြင်း၊ အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် တရားမဆိုင်ရာ အဆိုလွှာ၊ ချေလွှာများ ရေးသားတင်သွင်းခြင်းတို့ကို လေ့လာသင်ကြားခွင့်ရခဲ့ကြကြောင်း၊ သင်တန်းတွင် UNDP ၊ JICA ၊ USAID တို့က ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေး၊ မျှတသည့်တရားစီရင်ရေးစံနှုန်းများ၊ အသိဉာဏ်ပစ္စည်း၊ အာမခံ နှင့် အလုပ်သမားဆိုင်ရာဥပဒေများ၊ အမှုကိစ္စစီမံခန့်ခွဲမှု၊ ပြည်တွင်းဥပဒေပညာရှင်များက ငွေကြေးခဝါချမှု၊ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေး၊ အမှုလိုက်ပညာ ဘာသာရပ်တို့ကို သင်ကြား ပို့ချပေးခဲ့သဖြင့် များစွာအကျိုးရှိပါကြောင်း၊ ဥပဒေအရာရှိများသည် လုပ်ငန်းတာဝန်များထမ်းဆောင် ရာတွင် ရိုးသား၍ ဘက်လိုက်မှု ကင်းစွာဖြင့် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေအရာရှိများ လိုက်နာရမည့် ကျင့်ဝတ်များနှင့်အညီ ပြုမူနေထိုင်၍ အရည်အချင်းပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ် လာရန် အစဉ်ကြိုးပမ်းရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

    သင်တန်းတွင် ဆုရရှိသူများအား ပြည်ထောင်စုရှေ့နေချုပ်က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းသား/သင်တန်းသူ(၃၅)ဦးတို့လည်း တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)