တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏(၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂

                တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ၏ (၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က အမှာစကား ပြောကြားရာတွင် ယခု ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မိမိတို့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှုသည် တစ်နှစ် ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ ဤကာလအတွင်း တရားဥပဒေစိုးမိုးရေး နှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲများကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ အဖွဲ့ခွဲ၌ အဖွဲ့ဝင် ၈ ဦး အနက် အရပ်ဘက်မှ ၄ ဦး ပါဝင်ပါကြောင်း၊  အဖွဲ့ခွဲခေါင်းဆောင်၊ တရားလွှတ်တော်ရှေ့နေ တစ်ဦး နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းမှ နှစ်ဦး တို့မှာ သက်ဆိုင်ရာ ဝန်ကြီးချုပ်က အမည်စာရင်းပေးပို့သည့် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ အချို့သော အဖွဲ့ခွဲများ၏ လုပ်ငန်းဆောင်ရွက်မှုများမှာ အကျိုးထိရောက်မှု ရှိပါကြောင်း၊ အများပြည်သူ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ အဖွဲ့ခွဲများ ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် ၇ လ တာ ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများပြည်သူတင်ပြမှုပေါင်း ၅၀၀ ကျော်ကို လက်ခံရရှိခဲ့ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့နှင့် အဖွဲ့ခွဲများ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်မည့် လုပ်ငန်းမူဘောင်များ၊ လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာ စသည်တို့ကို ရေးဆွဲချမှတ်ရန် လိုအပ်လာပါကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်သူများထံမှ အကြံပြုချက်များ ရရှိရန်နှင့် နိုင်ငံတကာ လက်တွေ့ကျင့်သုံးမှုများကို သိရှိနိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ မတ်လအတွင်း အမျိုးသားအဆင့် ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဆွေးနွေးပွဲမှရရှိသည့် ရလဒ်များ၊ အခြေခံအချက်အလက်များ အပေါ် မူတည်၍ ‘တရားဥပဒေစိုးမိုးရေးမှု တိုးတက်ကောင်းမွန်လာရေးအတွက် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး မဟာဗျူဟာ’တစ်ရပ်ကို ရေးဆွဲ အကောင်အထည်ဖော် သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် သက်ဆိုင်သည့်ဌာန အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီပေးကြစေလိုပါကြောင်း ဆွေးနွေးမှာကြား ခဲ့ပါသည်။ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ၊ မတ်လတွင် ကျင်းပမည့် ညီလာခံဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူအားလုံးက ပါဝင်ဆွေးနွေး အကြံပြုခဲ့ကြပါသည်။

            အဆိုပါအစည်းအဝေးသို့ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အကြံပေးအဖွဲ့ဝင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပါသည်။

                                                                                                                      (သတင်းစဉ်)