တရားလွှတ်တော်ရှေ့နေများကောင်စီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၇) ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ ကျင်းပဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

          တရားလွှတ်တော်ရှေ့နေများကောင်စီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၇) ကို ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

          အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာ၌Bar Council Act ကိုဘာသာပြန်ကော်မရှင်က ဘာသာပြန်ဆိုပြီးဖြစ်၍ မကြာမီထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ တဆက်တည်းမှာပင် ၎င်းကို ပြန်လည်ပြင်ဆင်ပြဌာန်းနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏အကြံဉာဏ်ကို ရယူ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပိုမိုပြည့်စုံကောင်းမွန်သည့် ဥပဒေဖြစ်ပေါ်လာရေးအတွက် တရားလွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင်များကလည်း အကြံပြုပေးစေလိုပါကြောင်း၊ တရား ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ ပြည်သူများအား ဥပဒေ ဆိုင်ရာအထောက်အကူများပေးရေး၊ ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာမြင့်မားရေး စသည့်လုပ်ငန်းများ ကို အထောက်အကူပြုနိုင်သည့် ဥပဒေဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် ယနေ့ အစည်းအဝေး ၌ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်လွှာ ၆၅၃ စောင်ကိစ္စ၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာ ဌာနမှ Online ဖြင့် ဖွင့်လှစ်သင်ကြားသော ဘွဲ့လွန် ဥပဒေပညာဒီပလိုမာသင်တန်း အောင်မြင်သူများက တရားလွှတ်တော်ရှေ့နေ အဖြစ် စာရင်း တင်သွင်းခွင့်ပြုပါရန် လျှောက်လွှာ ၄ စောင်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအချို့၏ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုနှင့်စပ်လျဉ်း၍  သဘောထားတောင်းခံလာသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်းရှေ့နေအချို့အပေါ် ကျင့်ဝတ်သိက္ခာနှင့် ပတ်သက်၍ အရေးယူပေးပါရန် တင်ပြ လာသော စာများအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ လွှဲပြောင်းပေးပို့ခြင်းအား မှတ်တမ်းတင်ခြင်းကိစ္စ စသည်များကို ဆွေးနွေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          အစည်းအဝေးသို့ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဌနှင့် အဖွဲ့ဝင် စုစုပေါင်း (၈) ဦး တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)