တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ ၁၃

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. Peter Lysholt Hansen တို့ ပူးတွဲသဘာတိအဖြစ် ဆောင်ရွက်သော တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့အကြား ၁-၁၂-၂၀၁၆ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည့် နားလည်မှုသဘောတူ စာချွန်လွှာအရ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ဒိန်းမတ်နိုင်ငံသံရုံးက အမှုလိုက်ဥပဒေအရာရှိကျင့်ဝတ်များ၊ တရားမျှတမှုဆိုင်ရာ စံနှုန်းများနှင့် စပ်လျဉ်းသည့် သင်တန်းများ၊ ဥပဒေရေးဆွဲရေးနှင့် ဥပဒေရေးရာ သုတေသနလုပ်ငန်းများနှင့် စပ်လျဉ်းသည့် သင်တန်းများကို စီစဉ်ပို့ချပေးနိုင်ခဲ့သည့်အပြင် သုတေသနအဖွဲ့အတွက် လုပ်ငန်းသုံး ကွန်ပျူတာများနှင့် သင်တန်းဌာနတွင် အသုံးပြုမည့် စက်ပစ္စည်းများကိုလည်း ကူညီပံ့ပိုးပေး ခဲ့သည့်အပေါ် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းများတွင် ဒိန်းမတ်နိုင်ငံသံရုံးက ပါဝင်ကူညီဆောင်ရွက်ပေးမှုတို့သည် များစွာအကျိုး ဖြစ်ထွန်းပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးက တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင် ကူညီ ဆောင်ရွက်ခွင့် ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ၂၀၁၈ ခုနှစ် လုပ်ငန်း စီမံချက်တွင် စာကြည့်တိုက်အတွက် ဘာသာရပ်ဆိုင်ရာစာအုပ်များ ဝယ်ယူပံ့ပိုးရေး၊ သုတေသန လုပ်ငန်း၊ အမှုလိုက်လုပ်ငန်းနှင့် ဥပဒေရေးဆွဲစိစစ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် သင်တန်းများ ဆက်လက်ပို့ချရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက် ရေးများကို တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။

          အဆိုပါ အစည်းအဝေးသို့အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒိန်းမတ်နိုင်ငံသံရုံးနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ပညာရှင် များကော်မရှင် (ICJ) တို့မှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

(သတင်းစဉ်)